အတန်ကြာ ဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်းဆားများပြန်လည်တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့

Fri, 12/07/2012 - 11:26 -- Anonymous (not verified)

  ကာလအတန်ကြာဈေးကွက်ပျောက်ဆုံးနေတဲ့ နေလှန်းဆားများ ပြန်လည်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရမှ တာဝန်ရှိသူ အဆင့်ဆင့်မှ တာဝန်ခံဆောင်ရွက်ပေးခဲ့သလို မိမိတို့ ကုန်သည်လုပ်ငန်းရှင်များ၊ ဆားတောင်သူများအနေနဲ့ ဈေးကွက်ပြန်လည် ရရှိချိန်မှာ အရည်အသွေးကောင်းမွန်ပြီး တန်ချိန်၊ ဈေးနှုန်းမှန်ကန် တိကျစွာဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်းနဲ့ ဒါမှသာ မိမိတို့ ရခိုင်ပြည်နယ်ရဲ့ နေလှန်းဆားဈေးကွက် တည်တံ့နိုင်မှာဖြစ်ကြောင်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးတွင် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးရွှေထွန်းအောင်က ပြောကြားခဲ့ပါတယ်။ မကြာမီက ဆားလုပ်ငန်းဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း၊ မော်လမြိုင်၊ ရခိုင်ပြည်နယ်တို့မှ ကိုယ်စားလှယ်များနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစည်းအဝေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ဆားတန်ချိန် ၅ဝဝဝဝ ဝယ်ယူရန် သဘောတူ ထားသော်လည်း စာချုပ်မချုပ်ရသေးကြောင်း သိရှိရပါတယ်။

   ယခင်ကာလတွင် ဆားတင်ပို့တဲ့ လှေတစ်နေ့လျှင် အစီး (၂ဝ-၃ဝ) ခန့် ရှိခဲ့ပြီး တစ်လလျှင် လှေစီးရေ ၁ဝဝ ကျော် ရှိခဲ့ပါတယ်။ ယခု နေလှန်းဆားများပြန်လည်တင်ပို့နိုင်ရေး အကောင်အထည်ပေါ်လာပါက ဆားဈေးကွက်အောင်မြင်လာမှာ မြင်ယောင်မိ ပါသေးတယ်။ ယခင်ကနေလှန်းဆားဟာ တစ်ဖက်နိုင်ငံမှာ တရားမဝင်ဝင်ရောက်ရောင်းချနေရခြင်းဖြစ်ပါတယ်။ ယခုအခါ တစ်ဖက်နိုင်ငံ ကောင်စစ်ဝန်ရုံးမှတစ်ဆင့် တာဝန်ယူဝယ်ယူခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးမှ နေလှန်းဆားတန်ချိန် ၁ဝဝဝဝ တင်သွင်းလိုကြောင်း ကမ်းလှမ်းလာမှုအပေါ် လှေ ၈ စီးဖြင့် နှစ်သုတ်ခွဲပြီး တန်ချိန် ၂၅၄၅ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ တန်ချိန် ၇ဝဝဝ ကျော်ကိုလည်း ဆက်လက် တင်ပို့သွားမယ်လို့ သိရှိရပါတယ်။ မိမိတို့လက်ထက်တွင် ဈေးကွက် ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ နေလှန်းဆားများကို တစ်ဖက်နိုင်ငံနဲ့ဝယ်ယူရေး ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဆားထုတ်လုပ်သူများအစုအဖွဲ့ကို ဖွဲ့စည်းပေးထားကြောင်း၊ ဆားတင်ပို့ကုမ္ပဏီများကိုလည်း တွေ့ဆုံပြီး ဆားထုတ်လုပ်သူများ မကျန်အောင် ဆောင်ရွက်ပေးရန်နဲ့ ဆားလုပ်ငန်း စဉ်ဆက်မပြတ်ပါက ဆင်းရဲမှု လျော့ချရေးအထောက်အကူဖြစ်ပါကြောင်းနဲ့ မိမိတို့ရခိုင်ပြည်နယ် ပြည်သူပြည်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရေရှည်ရရှိရေးအတွက် ညီညီညွတ်ညွတ်ဆောင်ရွက် သွားကြရန်လိုပါကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြအောင်မှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ေကြောင်း သတင်းရရှိ ပါတယ်။

Source: နကသ (စစ်တွေ)                                                                                                                       အေးအေးမြ (7.12.12)