တောင်ကြီးမြို့၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Mon, 03/05/2018 - 08:27 -- competition

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တောင်ကြီးမြို့၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းရှန်တစ်လုံနှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းတို့မှ အဖွင့်အမှာစကားပြောကြား၍ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်မှ မိတ်ဆက်အမှာစကားပြောကြားကာ ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TDP)မှ ဟောပြောပွဲ တာဝန်ခံ ဒေါ်အေးအေးဝင်းမှ EU၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါက်တာစပယ်ကြည်မောင်နှင့် ဦးမြတ်နိုးတို့မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်၊ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။