ပဲမျိုးစုံတင်ပို့မှုလျော့ပေမဲ့ ပုံမှန်ရောင်းအားနဲ့ အမြင့်ဈေးမှာဆက်လက်ရှိနေ

Wed, 08/15/2012 - 08:37 -- Anonymous (not verified)

ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မှုမှာ ကုလားပဲမှအပကျန်ပဲများမှာ တင်ပို့မှု ဆက်လက် လျော့နေဆဲဖြစ်ပါသည်။ ဇူလိုင်၁၆ ရက်မှ ၂၀ရက်အတွင်း ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၂၃၇၀၈သာရှိတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တင်ပို့မှု တန်ချိန် ၃၁၇၈၅ ရဲ့ ၇၅ရာခိုင်နှုန်းသာ တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်တင်ပို့မှု အများဆုံးကတော့ မတ်ပဲ တန်ချိန် ၁၃၀၀၀ကျော်ဖြစ်ပြီး ယခင်အပတ် တန်ချိန်၁၈၀၀၀ ကျော်ထက်လျော့နည်း သလို ပဲတီစိမ်းဟာလည်း ယခုအပတ်တန်ချိန် ၂၃၀၀ ဟာယခင်အပတ် တန်ချိန် ၂၅၀၀ ကျော်ထက် လျော့နည်းတာကြောင့် ယခင်အပတ်ထက် ၇၅%နှုန်းသာတင်ပို့နိုင်ခြင်း ဖြစ်ပါသည်။ ပဲတီရွှေဝါကို ပြည်ပအဝယ်ပုံမှန်ရှိလို့ ယခင်အပတ်က FOB ဈေးမြင့် တက်ခဲ့ပြီး ယခုအပတ်မှလည်း အမြင့်ဈေးမှာငြိမ်နေပါသည်။ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီးနဲ့ ယီမင်နိုင်ငံများကို တင်ပို့နိုင်ခဲ့ပါသည်။

ဘုရင့်နောင် FOB ဈေးကွက်မှာ ယခင်အပတ်က စံချိန်တင်မြင့်တက်ခဲ့တဲ့ မတ်ပဲဟာ မတ်ပဲဟာ အခုတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်နေခဲ့ပါသည်။ ဒါပေမဲ့ ယခုတစ်ပတ်တင်ပို့မှုအများဆုံးမတ်ပဲက ယခင်တစ်ပတ်တင်ပို့မှုထက် လျော့တာကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးက အနည်းငယ်လျော့လာပါသည်။ မတ်ပဲကို တစ်ပတ်အတွင်း တန်၁၃၁၀၀နဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကျူးဘား၊ ဂရိ၊ တူနီးရှား၊ ယူအေအီး၊ ဗီယက်နမ်နိုင်ငံများကို တင်ပို့ခဲ့ပါသည်။ လက်ရှိ ဘဏ္ဍာနှစ်ဇူလိုင်လ ၂၀ရက်ထိ စုစုပေါင်း မတ်ပဲတန်ချိန် ၂၅၁၀၀၀ကျော် တင်ပို့ထားပြီးဖြစ်သလို FOB အရောင်းအဝယ်ကလည်း ပုံမှန်ပမာဏထက် အနည်းငယ်လျော့ပြီး တန်ချိန် ၁၂၀၀၀ပဲရှိတာတွေ့ရပါသည်။ မုတ်သုံရာသီအားပျော့လို စိုက်ဧကလျော့တာကြောင့် မတ်ပဲဈေးမြင့်နိုင်လို့ သြဂုတ်လလယ်ထိ အဝယ်လိုက်နိုင်တယ်လို့ ဈေးကွက်ကဆိုပါသည်။

ပဲစဉ်းငုံ အရောင်းအဝယ်ဖြစ်မှုက ယခင်အပတ်ထက်လျော့သွားသလို တင်ပို့မှု လည်းလျော့နည်းပါသည်။ ပဲစဉ်းငုံးကို တစ်ပတ်အတွင်း တန်ချိန်၄၅၀၀ကျော်ဝန်းကျင်နဲ့ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ယူအေအီး နိုင်ငံများကို တင်ပို့နိုင်ခဲ့ပါသည်။ အိန္ဒိယက ပဲစဉ်းငုံအဟောင်းကို အဝယ်လိုက်လို့ ဈေးမာလာသလို့ ရန်ကုန် FOB ဈေးကလည်း ဈေးဆက်မာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါသည်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၂၀ရက်ထိ ပဲစဉ်းငုံတန်ချိန် ၁၂၄၀၀၀ကျော်တင်ပို့ထားလို့ ယခင်နှစ် ကာလတူတင်ပို့နိုင်ခဲ့တဲ့ တန်ချိန် ၆၂၀၀၀ကျော်နဲ့ ယှဉ်ရင်တစ်ဆကျော် တင်ပို့ထားတာ တွေ့ရပါသည်။

လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ၂၀ရက်ထိ ကုလားပဲတန်ချိန် ၃၇၆၀၀ခန့် တင်ပို့ထားပြီးဖြစ်လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၃၃၅၀၀ခန့်ထက် အနည်းငယ်ပိုတာ တွေ့ရပါသည်။ ပြည်ပရောင်းဝယ်မှုလည်း ကောင်းသလိုတင်ပို့မှုလည်း မြင့်လာတာတွေ့ရပါသည်။ ကုလားပဲကို တစ်ပတ်အတွင်း တန်၇၀၀ခန့်နဲ့ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ နိုင်ငံများကို တင်ပို့ခဲ့ပါသည်။