Value Added ပြုလုပ်တင်ပို့မဲ့ မြန်မာ့ဂျင်း

Fri, 05/18/2012 - 09:19 -- Anonymous (not verified)

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပသို့တင်ပို့ ရောင်းချလျှက်ရှိရာ ယခင်က ကုန်ကြမ်း Raw အဖြစ်သာ တင်ပို့ခဲ့ရာမှ နောက်ပိုင်းတွင် တန်ဘိုးမြင့်ထုတ်ကုန် Value Added အဖြစ်ထုတ်လုပ်တင်ပို့လာကြပါသည်။ ကုန်ကြမ်း အတိုင်း တင်ပို့ခြင်းထက် ဈေးနှုန်းအားဖြင့် ပိုမိုရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိခြင်း၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် လာခြင်းစသော အကျိုးကျေးဇူးများကြောင့် ပြည်တွင်းထွက်ကုန်များကို Value Added အဖြစ်ကြိုးပမ်းထုတ်လုပ် တင်ပို့လျှက်ရှိရာ လယ်ယာကိုင်းကျွန်းထွက်ကုန်တစ်မျိုးဖြစ်သော ဂျင်း (Ginger)ကိုလည်း ယခင်က ဂျင်းအစို၊ ဂျင်း အခြောက်နှင့် ဂျင်းခြောက်အပိုင်းများအဖြစ်သာ တင်ပို့နေခဲ့ရာမှ ဂျင်းခြောက်အမှုန့်အဖြစ် ကုမ္ပဏီတစ်ခုက ထုတ်လုပ် တင်ပို့တော့မည် ဖြစ်ကြောင်းသိရှိရပါသည်။ ဂျင်းကို အခြောက်အတိုင်း တင်ပို့ပါက တစ်တန် လျှင် ဒေါ်လာ ၁၄၄၀ မှ ၁၄၆၀ အတွင်းသာရရှိသော်လည်း အမှုန့်ပြု လုပ်တင်ပို့ခြင်းဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၇၀၀ ဈေးနှုန်း ရရှိသောကြောင့် ဈေးနှုန်းအားဖြင့် ပိုမိုရရှိကြောင်း သိရှိရပါသည်။ ဂျင်းမှုန့်အား အစား အသောက် နှင့် တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုမည် ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ တစ်ဆင့် ဆိုက်ပရပ်စ်င်ငံသို့ ဆက်လက် တင်ပို့သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရ ပါသည်။ ဂျင်းမှုန့်အား အချို့နိုင်ငံများတွင် အညောင်းပြေစေ ရန်နှင့် ဂျင်း၏ သင်းပျံ့သော ရနံ့ရရှိစေရန် ဂျင်းမှုန့် အထုပ်ငယ်များအား ရေချိုးကန်များအတွင်းစိမ်၍ ရေချိုးရာတွင် အသုံးပြုကြောင်းသိရှိရပါသည်။ ဂျင်းကို ယခင်က ပါကစ္စတန် နှင့် စင်္ကာပူ နိုင်ငံတို့သို့ အများဆုံး တင်ပို့လျှက် ရှိကြောင်း သိရှိရပါသည်။ ဂျင်းမှုန့် တင်ပို့ရန်အတွက် ကုန်သွယ်ရေးညညွှန်ကြားမှုဦးစီးဌာနသို့ ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ရာ ခွင့်ပြုပေးခဲ့ပြီး ပြည်ပသို့ တင်ပို့ရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာ့ဂျင်းအား ဂျင်းမှုန့်အဖြစ် Value Added ထုတ်လုပ်တင်ပို့တော့မည် ဖြစ်ကြောင်း သတင်းကောင်းပါးရေးသား တင်ပြအပ်ပါသည်။                                                                          

                                                                                                                                                 သက်နိုင်ဦး(ပို့ကုန်)