ရေထွက်ပစ္စည်းသားငါးတင်ပို့မှုနှင့် အလားအလာ

Thu, 05/09/2013 - 04:51 -- admin

သဘာဝပင်လယ်ပြင်မှ အများဆုံးရရှိသော ပုစွန်များမှာ ရရှိမှုနည်းပါးလာ၍ နိုင်ငံခြားဝင်ငွေ များစွာရရှိရန် အတွက် မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီဖွဲ့စည်းသွား ရန် ဆွေးနွေးနေကြောင်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပြောကြားခဲ့သည်။ အများပိုင်ကုမ္ပဏီ တည်ထောင်မှုနှင့် ပတ်သက်၍ "ရေထွက်ကုန်ပစ္စည်းများအပေါ် အကောင်းဆုံးပြုပြင်ထုတ်လုပ်ရေးနှင့် နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ လုပ်ဆောင်သွားရန် အခြေခံအနေဖြင့် ကုန်ကြမ်းပစ္စည်းရဖို့ လိုအပ်ကြောင်း၊ ရေငန်၊ ရေချိုပုစွန် မွေးမြူရေး ကဏ္ဍတွေ မှာ အားထားလုပ်ကိုင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံရှိ ပုစွန်မွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေသော ဧကပေါင်း ၂၂၀၀၀၀ ကျော်ရှိနေပြီး တစ်သိန်း ကျော်မှာသမားရိုးကျ၊ မိရိုးဖလားအတိုင်းသာလုပ်ကိုင်နေကြပြီး၊ သိပ္ပံနည်းကျအတိုင်းလုပ်ကိုင်ကြသည်မှာ ဧကသောင်း ဂဏန်းကျော်ခန့်သာရှိကြောင်း သိရှိရသည်။ပြည်ပသို့ ပုစွန်များတင်ပို့ရာတွင် သဘာ၀ ပင်လယ်ပြင် မှ ဖမ်းဆီးရရှိခဲ့ပြီး လက်ရှိအချိန်တွင် သယံဇာတများမှာ ဆုတ်ယုတ်လာနေကြောင်း သိရှိရပြီး ပုစွန်မွေးမြူသော လုပ်ငန်းရှင်များမှာလည်း သိသိသာသာ လျော့နည်းလာကြောင်း သိရှိရသည်။ "အများပိုင် ကုမ္ပဏီဖွဲ့စည်းပါက အရင်းအနှီးနှင့် နည်းပညာ များလိုအပ်ကြောင်း၊ ထုတ်လုပ်မှုစရိတ်က နိုင်ငံတကာမှာ အခြားနိုင်ငံတွေထက် ယှဉ်ပြိုင်ပြီးတော့ ထုတ်လုပ်နိုင်အောင် လုပ်ရမှာဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ စက်ရုံတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားဝင်ငွေ ရရှိရန်အတွက် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ အမေရိ ကန်ဒေါ်လာသန်း ၆၆၀ ရရှိရန်လျာထားသော်လည်း ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရေထွက်ပစ္စည်း ပြည်ပတင် ပို့မှုအတွက် ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၄၇၇.၂၂၈ သန်းသာ ရရှိသေးသည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၏စာရင်းများ အရသိရသည်။

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ပသို့ Normal Trade ရေထွက်ပစ္စည်း တင်ပို့မှု မက်ထရစ်တန်ပေါင်း ၁၂၉၄၆၅ ဒသမ ၅၂၂ သာ တင်ပို့နိုင်ခဲ့ပြီး Border Trade တင်ပို့မှုမှာ မက်ထရစ်တန်ပေါင်း ၁၃၉၈၂၈ ဒသမ ၀၂၆ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပြီး ရေထွက်ပစ္စည်း တင်ပို့မှု မက်ထရစ်တန် စုစုပေါင်း ၂၆၉၂၉၃ ဒသမ ၅၄၈ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ ဒီနှစ်က Normal Trade ထက် Border Trade က မက်ထရစ်တန် တင်ပို့မှု ပိုများနေတာ တွေ့ရတယ်။လက်ရှိ ပြည်ပတင်ပို့မှု မှတ်တမ်းမှာ ငါးရှဉ့်က ပုံမှန်ဖြစ်ပြီး၂၀၁၃ မှာ ရေထွက်ပစ္စည်းတင်ပို့မှု ဟာ ပိုမိုတိုးတက်လာနိုင်မည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှခန့်မှန်းထားကြောင်း သိရသည်။

ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ငါးမြစ်ချင်း၊ ငါးသလောက်၊ ပုစွန်ခြောက်၊ ငါးမုတ်၊ တိုက်ဂါးပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို အဓိကထား တင်ပို့ပြီး အခြားရေထွက် ကုန်များကိုလည်း တင်ပို့မှု ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံမှရေထွက်ပစ္စည်းဝယ်ယူသည့် ထိပ်တန်း ၁၀နိုင်ငံမှာ တရုတ်၊ထိုင်း၊စင်ကာပူ၊ကူဝိတ်၊မလေးရှား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူကေ အစရှိသည့် နိုင်ငံများ ဖြစ်ကြောင်း သိရှိရပါသည်။အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းပြီး စုစည်းထားသော ရင်းနှီးမြှုပ်နှံမှု့၊ခတ်မီနည်းပညာတို့ဖြင့် ပေါင်းစပ်ပြီး ငါး၊ပုစွန်မွေးမြူထုတ်လုပ် တင်ပို့လာ နိုင်ပါက မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း တင်ပို့နိုင်မှုနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် များစွာအထောက် အကူပြု နိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းရေးသားတင်ပြလိုက်ပါသည်။

 မြင့်မြင့်အေး (ပို့ကုန်)