မြန်မာ့ပို့ကုန်အမယ်သစ်ဖြစ်လာမည့် စပါးခွံဖွဲပြာ

Fri, 05/18/2012 - 09:04 -- Anonymous (not verified)

       လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျှက်ရှိသည့် မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှုပိုလျှံသည့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်း အဆိုပါပစ္စည်းများမှ ထွက်ရှိလာ သည့်ဘေးထွက်ပစ္စည်းများကိုလည်း ပြည်ပပို့ကုန်ဝင်ငွေရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့လျှက်ရှိ ပါတယ်။

       ဆန်စပါးမှထွက်ရှိသော ဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံဖွဲပြာအား ယခုအခါ ဂျပန်နိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းလာပါသဖြင့် မြန်မာနိုင်ငံရှိကုမ္ပဏီတစ်ခုသည် အဆိုပါစပါးခွံဖွဲပြာအား တင်ပို့ရန်အတွက် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရ ပါတယ်။

       မိမိတို့နိုင်ငံတွင် စပါးခွံဖွဲပြာအား အိုးခွက်များဆေးကြောတိုက်ချွတ်ရာတွင် အိုးတိုက်ဖွဲပြာအဖြစ်အသုံး ပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပျိုးပင်များစိုက်ပျိုးရာတွင် မြေဆွေး၊ သဲတို့နှင့်ရောစပ်၍ သုံးစွဲခြင်းများရှိပြီး၊ ဂျပန် နိုင်ငံတွင်မူ သံရိုင်းနှင့် သံကုန်ကြမ်းများကို အရည်ဖျော်စက်အတွင်းသို့ထည့်ရာ၌ သံချော်ရည်များကို စစ်ထုတ်ရန်အတွက် စပါးခွံဖွဲပြာအား ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်းသိရှိရပါတယ်။

       သို့ပါ၍ ဘေးထွက်စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည့် စပါးခွံဖွဲပြာသည် အမှိုက်ထဲမှ ရွှေဖြစ်လာနိုင်ကာ ပြည်ပပို့ကုန်ဝင်ငွေရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်တော့မည်အကြောင်း သိရှိနိုင်ပါရန် သတင်းကောင်းပါး ရေးသား တင်ပြ အပ်ပါသည်။

                                                                                                                                                                                                                          စန္ဒာထွန်း (ပို့ကုန်)