မြန်မာ့စံပါယ်ပန်းနှင့် သစ္စာပန်းများ စင်္ကာပူနိုင်ငံသို့ သွားတော့မည်

Thu, 05/24/2012 - 06:49 -- Anonymous (not verified)

         မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များအား ပြည်ပသို့ တင်ပို့လျှက်ရှိရာ ဥယျာဉ်ခြံထွက် ပန်းမာလ်များ ကိုလည်း တင်ပို့ခွင့်ပြုပေးထားပါသည်။ ယခင်က ဂန္ဓမာပန်းများကို စင်္ကာပူနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ဘူးပြီးဖြစ် ပါသည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် သီးနှံ ပန်းမာလ်များကို ဈေးကွက်ရှာဖွေ ၍ တင်ပို့ရောင်းချခဲ့ရာ လေကြောင်းမှ စိန်တစ်လုံး သရက်သီးနှင့် ဂန္ဓမာပန်းများ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ စံပါယ်ပန်းနှင့် သစ္စာပန်းများ ကို ပထမဦးဆုံး ဈေးကွက်စမ်းသပ်တင်ပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

          စံပါယ်ပန်းနှင့် သစ္စာပန်းများကို မြန်မာနိုင်ငံ ဒေသအနှံ့တွင် စိုက်ပျိုးထွက်ရှိနိုင်သော်လည်း သစ္စာပန်းအနေဖြင့် ပြင်ဦးလွင်မြို့၊ အောင်ပန်းမြို့၊ ကလောမြို့ စသော ရာသီဥတု အေးမြကောင်းမွန်သည့် ရှမ်းပြည်နယ်ဒေသများမှ စိုက်ပျိုးထွက်ရှိသော ပန်းများမှာ အရည်အသွေးအမြင့်ဆုံး၊ အလှဆုံး၊အကောင်းဆုံး စံချိန်မီပန်းများဖြစ်ပြီး ရောင်းပန်းလှသော ပန်းများ ဖြစ်ကြောင်းသိရှိရပါသည်။ ပန်းများကို ဘုရားပုထိုးများ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးရုပ်တုများတွင် လှူဒါန်းပူဇော်ခြင်း၊ အမျိုးသမီးများဦးခေါင်းတွင် အမြတ်တနိုး ပန်ဆင်ခြင်း၊ အခမ်းအနားများတွင် အလှပန်းထိုးခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျှက်ရှိပါသည်။ ဖြူဖွေးမွှေးပျံ့သော စံပါယ်ပန်းများနှင့် အရောင်အသွေးစုံလှပသော သစ္စာပန်းများကို ယခင်က သရက်သီးနှင့် ဂန္ဓမာပန်းများ စတင်ဈေးကွက်ရှာဖွေ တင်ပို့ခဲ့သော ကုမ္ပဏီမှပင် ပြည်ပသို့တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ပန်းများတင်ပို့ရန်အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် ပို့ကုန်လိုင်စင် လျှောက်ထား ခွင့်ပြုထုတ်ပေးထားပြီးဖြစ် ကြောင်း သိရှိရပါသည်။ ယခင်က ဘုရားတွင် ပူဇော်လှူဒါန်းရန်နှင့် အလှပန်းထိုးရန် ပြည်တွင်းတွင် တစ်ပိုင်တစ်နိုင်ရောင်းချနေရာမှ ပြည်ပသို့တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြား ဝင်ငွေ ရရှိလာတော့မည့် ပို့ကုန်အမယ်သစ် တစ်မျိုးဖြစ်လာတော့မည် ဖြစ်ပါသည်။

              ကျန်ရှိနေသေးသော မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များမှပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် အမယ်သစ်များအား ရှာဖွေဖော်ထုတ်၍ ဈေးကွက်ရရှိ တင်ပို့နိုင်ရန် ပို့ကုန်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားနိုင်စေရေးအတွက် သတင်းကောင်းပါး ရေးသား တင်ပြအပ်ပါသည်။

                                                                                                                                                           သက်နိုင်ဦး (ပို့ကုန်)