“အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” တတိယနေ့နှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

Thu, 10/05/2023 - 03:16 -- mocadmin

နေပြည်တော်၊ အောက်တိုဘာ ၄

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း”၏လုပ်ငန်းအစီအစဉ်အရ “အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” တတိယနေ့သင်တန်းအစီအစဉ်များကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံဖြိုးရေးဝန်ကြီးဌာန၊ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ဆက်လက် ဖွင့်လှစ်ပို့ချခဲ့ပါသည်။

   အဆိုပါသင်တန်း တတိယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန်ရှိသူများသည် သင်တန်းခန်းမသို့ လာရောက်၍ သင်ကြားပို့ချ နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထို့နောက် သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

   သင်တန်းတတိယမြောက်နေ့ရက်တွင် သင်တန်းနည်းပြအဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်းမှ ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဟန်က အုန်းသီးနုအရည်နှင့် အုန်းစိမ်းအသားများကို အခြေခံ၍ ကျောက်ကျောမှုန့်၊ သကြားတို့ဖြင့် ပေါင်းစပ်ပြီး အုန်းစိမ်းဂျယ်လီပြုလုပ်ခြင်း၊ အုန်းသီးချိုချဉ်နှင့် အုန်းသီး Gummy ချိုချဉ်ပြုလုပ်ခြင်းများကို စာတွေ့နှင့် သင်တန်းသားများ ကိုယ်တိုင်ပြုလုပ်နိုင်အောင် လက်တွေ့သင်ကြားပေးခဲ့ပါသည်။

   သင်တန်းဆင်းပွဲအခမ်းအနားအား ၁၆:၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းအစီအစဉ်ကို ၁၇:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages