အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ တတိယအကြိမ်သင်တန်း အစီအစဉ်ဖြစ်သည့် “အုန်းသီး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

Tue, 10/03/2023 - 03:26 -- mocadmin

နေပြည်တော်၊ အောက်တိုဘာ ၂    

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း”၏ လုပ်ငန်း အစီအစဉ်အရ “အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

   ဖွင့်ပွဲအခမ်းနား၌ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချမှု များကို ပြန်လည်အသုံးချ၍ အုန်းသီးအခြေခံ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ပြည်တွင်း သာမက ပြည်ပသို့ တင်ပို့နိုင်သည်အထိ အကျိုးကျေးဇူးရရှိနိုင်သောကြောင့် တတ်မြောက်အောင် သင်ကြားရန်လိုအပ်ကြောင်း၊  မြန်မာနိုင်ငံကထွက်ရှိသည့် အုန်းသီးအစိုနှင့် အခြောက်များတင်ပို့မှုကို  ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ စီမံကိန်းမှ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များမှတစ်ဆင့် အုန်းသီးစိုက်ပျိုးထုတ်လုပ်သူများနှင့် အုန်းသီးထုတ်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းမှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

   အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သားများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

   ဆက်လက်၍ သင်တန်းပထမနေ့အဖြစ် သင်တန်းပို့ချခြင်း အစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာနရှိ သင်တန်းခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို စာတွေ့သင်ကြားပို့ချခြင်းနှင့် ထုတ်ကုန်များ စမ်းသပ်ထုတ်လုပ်ခြင်းကို လက်တွေ့သရုပ်ပြ သင်ကြားပို့ချခဲ့ပါသည်။

   ယခုဖွင့်လှစ်သည့် သင်တန်းတွင် အုန်းသီးအခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ကို ပြုလုပ် ခြင်းနှင့် ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြှင့်အုန်းထုတ်ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်း ကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ သင်တန်း ကာလမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၃၄)ဦး တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages