မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် မိန့်ခွန်းပြောကြား

Sat, 09/16/2023 - 11:51 -- mocadmin

နေပြည်တော်၊ စက်တင်ဘာ ၁၆     

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းက Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပပြုလုပ်သည့်  မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှု မြှင့်တင်ရေးဖိုရမ်သို့  တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာ၌ မန္တလေးမြို့မှာ မြန်မာ-တရုတ် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါသည့် တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)စီမံကိန်း၊ မဟာမဲခေါင်ဒေသခွဲ (GMS) ၏ အရှေ့အနောက် စီးပွားရေး စင်္ကြနှင့် တောင်မြောက်စီးပွားရေးစင်္ကြံများဖြင့် ချိတ်ဆက်နေသည့် ကုန်သွယ်ရေး လမ်းကြောင်း များ၏ ဗဟိုချက်တွင် တည်ရှိသောကြောင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ နှစ်လိုဖွယ်ရာမြို့တော် (City of Charm)အဖြစ် ရွေးချယ်ပြသခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့မှာ ဒေသတွင်းကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော စီးပွားရေးစင်္ကြံလမ်းကြောင်းများ၏ လမ်းဆုံမှာ တည်ရှိကြောင်း၊  ထို့ကြောင့်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်အလားအလာရှိသည့် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်း၊ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးကျော်ဆန်း နှင့် မန္တလေးတိုင်း စီးပွားရေးဝန်ကြီး ဦးသိန်းဌေးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြား ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့  မြန်မာနိုင်ငံဘက်မှ အစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂိကလုပ်ငန်းရှင် များ၊ တရုတ်နိုင်ငံဘက်မှ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ ညီလာခံ ဒုတိယဥက္ကဋ္ဌ မစ္စတာ ဟွမ်ကျွင့်ဟွာနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါဖိုရမ်တွင် မန္တလေးမြို့သာစက်မှုဇုန်စီမံကိန်း၊ အမရပူရခရီးသွားစီမံကိန်း၊ မင်္ဂလာ မန္တလေးစီမံကိန်း၊  ရေတံခွန်တောင် မြို့တော်စီမံကိန်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံကဏ္ဍများနှင့် ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြပါသည်။

          မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဖိုရမ်တွင် Cooperation Agreement of Luban Workshop Operation Project in Myanmar ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂ ရပ်၊ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ပျားရည်ရောင်း ဝယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်စသည့် သဘောတူညီချက် ၅ ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages