ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Wed, 02/15/2023 - 04:59 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကာပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြက်သွန်နီစိုက်ဧက (၁.၇) သိန်း ကျော်ရှိပြီး နှစ်စဉ်တန်ချိန် (၁) သန်းကျော် ထွက်ရှိပါကြောင်း၊ ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့်  ပြည်ပနိုင်ငံများသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများက‌ဈေးကွက် အခြေအနေနှင့် အလားအလာများ၊ ပြည်ပတင်ပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဈေးကွက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန်လိုအပ်ချက်များ၊  ပြည်ပနိုင်ငံများသို့ ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ လက်ရှိတင်ပို့နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကြက်သွန်နီကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရေး၊ လိုအပ်သည့် အပင်ပိုးမွှားရောဂါများကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ်များ လွယ်ကူစွာ ထုတ်ယူရရှိနိုင်ရေး၊ ကောင်းမွန်သော စိုက်ပျိုးထုတ်လုပ်မှု ကျင့်စဉ် (GAP)စနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူ ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အပါအဝင် ပြည်ပဈေးကွက်သို့ ကြက်သွန်နီ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးတို့အတွက် ဆောင်ရွက်သင့်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စာဖိုဆောင် သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages