စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဆန်စက်နှင့် သိုလှောင်ရုံများအား ကြည့်ရှုစစ်ဆေး

Mon, 01/08/2024 - 10:20 -- mocadmin

နေပြည်တော်၊ ဇန်နဝါရီ ၇     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းရုံး၌ ပို့ကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက စီမံကိန်းအကြောင်းရှင်းလင်းတင်ပြပြီး ပြည်တွင်း လယ်ယာထွက်ကုန်ဈေးကွက်တည်ငြိမ်စေရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် တောင်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ စက်ရုံများအားလုံးလည်ပတ်ရေး ဆောင်ရွက်ရန်၊ ထုတ်လုပ်မှုစွမ်းဆောင်ရည်များတိုးချဲ့ရန်၊ အရည်အသွေးကောင်းအောင် စီမံခန့်ခွဲရန် နှင့် ကုန်သွယ်မှုသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ သိရှိအောင်ချိတ်ဆက် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဟင်္သာ Trading Co., Ltd. ၏ ပုသိမ် ဆန်စက်ကိုလည်းကောင်း၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာစက်မှုဆိပ်ကမ်းကိုလည်းကောင်း၊ SHUANGXI (စွန်းချီ) ပုသိမ် Garments Co., Ltd. အထည်ချုပ် စက်ရုံကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ Ayeywaddy Fisheries Ltd. အအေးခန်းစက်ရုံတွင် ပုစွန်သားပေါက် မွေးမြူရေးမှ ပြည်ပသို့တင်ပို့သည့် ကုန်ချောထုတ်လုပ်နေမှု အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသည့်နိုင်ငံ၏ လိုအပ်ချက် စံချိန်စံညွှန်းပြည့်မီအောင်ဆောင် ရွက်ရန်၊ အလုပ်သမားများဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့ နိုင်ရန် မှာကြားသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့၊ Paddy Star ဆန်စက်နှင့် သိုလှောင်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ရှိ Shwe Me Group of Company ၏ ပြောင်းသိုလှောင်ရုံသို့ ရောက်ရှိပြီး သိုလှောင်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် အတွက် ပြောင်းများ သန့်စင်ပြီး ထုပ်ပိုးနေမှုတို့အား ကြည့်ရှုစစ်ဆေးကာ ပြည်တွင်း တိရိစ္ဆာန် အစားအစာဖူလုံမှုရှိပြီး ပိုလျှံသည့်ပြောင်းဖူးစေ့များ ပြည်ပသို့ပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်ပဈေးကွက်ရရှိရေးတို့အား သတ်မှတ်စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages