စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

Fri, 01/12/2024 - 03:15 -- mocadmin

နေပြည်တော်၊ ဇန်နဝါရီ          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နေ့၊ (၀၈:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

                ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်၊ တတိယသုံးလ ပတ်ကာလအတွင်း  လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ‌ဆက်လက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွား‌ရေးဦးတည်ချက် ၃ ရပ်နှင့်အညီ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ရေး၊ ကုန်သွယ်မှုပမာဏလျာထားချက်များ ပြည့်မီအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေး၊ မြန်မာ့ထုတ်ကုန်များအရည်အသွေး ပိုမို ကောင်းမွန်စွာ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီပေးရေး၊ ကုန်သွယ်မှု ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ နှင့်သာမက နိုင်ငံတကာကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန် အောင်ကြိုးပမ်းဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်လာစေရေး တို့အတွက်ဆောင်ရွက်သွားရေး၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်း၍ အားသာချက်များကို  အသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ဝန်ထမ်းသက်သာ ချောင်ချိရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းတာဝန်များအပေါ် ဆောင်ရွက်သင့်သည့်အချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊  လူ့စွမ်းအားအရင်းအမြစ် ပြုန်းတီးမှုမရှိစေရေးနှင့် အနာဂတ် အစီအမံများအား ချမှတ်ဆောင်ရွက်သွားရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံစည်းမျဉ်းများကို ဌာနအတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား အခြေခံအဆင့်ဖြင့် တတ်မြောက်စေ ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန်နှင့် မိမိဝန်ကြီးဌာနမှ ချမှတ်သည့် မူဝါဒများအား အဆိုပါ အခြေခံစည်းမျဉ်းများနှင့်ကိုက်ညီမှုရှိအောင် လိုက်နာဆောင်ရွက်သွားရေးတို့ကို မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူးများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ပါသည်။  

          အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ အရာထမ်းများ၊ နယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ ၁၅၀ ဦး၊ Virtual စနစ်ဖြင့် ၃၆ ဦး၊  စုစုပေါင်း ၁၈၆  ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages