စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးမှ စက်မှုကုန်ကြမ်းသုံး စားသုံးဆီများသိုလှောင်ဖြန့်ဖြူးနေမှုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သကြားစက်များအား ကြည့်ရှုစစ်ဆေး

Tue, 01/09/2024 - 10:50 -- mocadmin

နေပြည်တော်၊ ဇန်နဝါရီလ ၈ ရက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံဆိပ်ကမ်းရှိ MV. Yong Sheng 151 သင်္ဘော၌ Tun Myat Thu ကုမ္ပဏီလီမိတက်၊  Hey Day Energy ကုမ္ပဏီလီမိတက်၊ Asia Empower ကုမ္ပဏီလီမိတက်၊ Myanmar Pulses Zone Co., Ltd. တို့က ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မည့် ပြောင်းစေ့ ၁၁၅၀၀ တန် သင်္ဘောတင်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလအထိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၉၃၄၈၈၂ တန် တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၂၇၉ သန်းရရှိခဲ့သဖြင့် ပြောင်းစေ့များကိုပြည်ပသို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် အတွက် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရန်အတွက် ဘက်စုံကြိုးပမ်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

   ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်ရှိ Kyimyindaing International Port (KMP) တွင် တင်သွင်းရောက်ရှိပြီးသော စားအုန်းဆီများကို မြန်မာ့ ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်(Myanmar Inspection and Testing Services Ltd-MITS) မှ စစ်ဆေးထားရှိမှု၊ စစ်ဆေးပြီးစားအုန်းဆီများအား သိုလှောင်ကန်များတွင် သိုလှောင်ထားရှိမှုနှင့် သိုလှောင်ကန်မှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ရည်ညွှန်းဈေးဖြင့် ဖြန့်ခွဲရောင်းချရန် စားအုံးဆီများအား တိုင်ကီနှင့် Boxer ထဲသို့ ဖြည့်ထည့်မှု၊ အလေးချိန် ပြည့်ဝမှန်ကန်ရန်စစ်ဆေးမှု၊ ဆီဖြည့်ပြီးတိုင်ကီနှင့် Boxer များ အဖုံးပိတ်လုံခြုံမှုစနစ် ဆောင်ရွက်မှုတို့ကို စစ်ဆေးပြီး သတ်မှတ်အလေးချိန်ပြည့်မီစေရန်၊ အချိန်နှင့်တပြေးညီ ဖြန့်ဝေရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ သယ်ယူရာလမ်းတစ်လျှောက်တွင် ဆီလျှော့နည်းမှုမရှိစေရန်တို့ကို စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့သည်။

   ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ အမှတ်(၅)သကြားစက်မြို့လှသို့ ရောက်ရှိရာ စက်ရုံအတွင်း တာဝန်ရှိ သူများက သကြားကြိတ်ခွဲထုတ်လုပ်ရန် ကြံဝယ်ယူရရှိမှု၊ ကြိတ်ခွဲမှုအဆင့်ဆင့်နှင့် ကုန်ချောသကြားများ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာဖြန့်ဖြူးရန်နှင့် လိုအပ်သောဒေသများသို့ အချိန်မီရောက်ရှိရေးဆောင်ရွက်ရန်၊ စားသုံးသူများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်၊ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရန်တို့ကို မှာကြားခဲ့သည်။

   အဆိုပါ သကြားစက်သည် တစ်ရက်လျှင် ကြံ ၂၂၀၀ တန် ကြိတ်ဝါးနိုင်ပြီး၊ တစ်ရက် သကြားဖြူ ၂၁၆ တန် ထွက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သကြားဖြူ ၁၃၀၅၇ တန် ထုတ်လုပ်နိုင်ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages