အလေးချိန် အတိုင်းအတာများ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီစေရေး ပူးပေါင်းဆောင်ရွက်

Wed, 11/09/2022 - 04:21 -- admin_ygn

မြန်မာနိုင်ငံထုတ်ကုန်များ ပြည်ပဈေးကွက်သို့  ကျယ်ကျယ် ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်နိုင်စေရေးအတွက် ပစ္စည်းအမျိုးအစား မှန်ကန်ခြင်းအပြင် မှန်ကန်သည့်တိုင်းတာမှုနှင့်အလေးချိန်မှန်ကန်ရန် အလွန်အရေးကြီးသည်။  မြန်မာ့စီးပွားရေးလုပ်ငန်းများသည် နာမည် ကောင်းရရှိစေရန် သမာသမတ်ကျရန် လိုအပ်သည်။သို့မှသာ စားသုံး သူများအနေဖြင့် မြန်မာ့ကုန်စည်များကို  စိတ်ချယုံကြည်စွာ စားသုံး ခြင်း၊ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့စီးပွားရေးအဖွဲ့အစည်းနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်မှု များ ရရှိခြင်းမှတစ်ဆင့်    ရင်းနှီးမြှုပ်နှံမှုများ   တိုးတက်လာမည်ဖြစ် သည်။
မြန်မာနိုင်ငံသည်   ဈေးကွက်စီးပွားရေးကို  ကျင့်သုံးရာတွင် နိုင်ငံတကာနှင့်ဆက်သွယ်ကုန်သွယ်ရသဖြင့်     ပြည်ပတင်ပို့သည့် ကုန်စည်များအနေဖြင့် စံနှုန်းကိုက်ညီမှု   မဖြစ်မနေ  လိုအပ်သကဲ့သို့ ပြည်တွင်းတွင် ရောင်းနေသည့်   ကုန်စည်များအတွက်လည်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် ပြည်ပခရီး သွားလုပ်ငန်းများနှင့်ဆက်နွှယ်၍ ရောက်ရှိနေသော နိုင်ငံခြားသားများအတွက်   မိမိနိုင်ငံအတွင်းရှိ ကုန်စည်များကို ယုံကြည်မှုရှိအောင်၊ ဝယ်ယူအသုံးပြုချင်စိတ်ရှိအောင်၊ ပိုက်ဆံသုံးစွဲချင်အောင်   ဆွဲဆောင်ရာတွင်  စံနှုန်းကိုက်ညီမှုသည် လိုအပ်သည့်အချက်တစ်ချက်အနေဖြင့် ပါဝင်သည်။
မြန်မာ့သမိုင်းတွင်  သာလွန်မင်းတရားကြီးသည် အလေးချိန် ခွင်၊တင်းတောင်း စသည့်အတိုင်းအတာများကိုစနစ်ကျအောင်အရေး တယူ   ဆောင်ရွက်ခဲ့ကြောင်း မှတ်သားသိရှိရသည်။ ဗိုလ်ချုပ်အောင် ဆန်းကလည်း   လယ်သမားများအတွက်    အလွန်အရေးကြီးသော စပါးဝယ်ယူသည့် တင်းတောင်းအရွယ်အစားအမျိုးမျိုးဖြစ်နေသည် ကို မမေ့မလျော့ သုံးသပ်ပြီး စံကိုက်တင်းတောင်းဥပဒေကိုစနစ်တကျ ကျင့်သုံးဆောင်ရွက်ရန် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ခဲ့ကြောင်း သိရ သည်။ သို့ဖြစ်၍ ဆံ့သောပမာဏ၏ အလေးချိန်များနှင့်အခြင်အတွယ် များဆိုင်ရာ  အက်ဥပဒေ၊ အလျားတိုင်းထွာခြင်း  အက်ဥပဒေ၊ တင်း တောင်းစံ ပမာဏအက်ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီး ထည့်သိုစရာ ကို စစ်ဆေး၍ မှန်ကန်ကြောင်း အမှတ်အသားဖြင့် တံဆိပ်ခတ်နှိပ်ရန် အာဏာပိုင်အဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားနိုင်ကြောင်း ပြဋ္ဌာန်း ထားရှိသည်။
အဆိုပါဥပဒေများနှင့်အညီ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနသည်  ကုန်စည်ဒိုင်များဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲများကို  ဦးဆောင်ကျင်းပပြုလုပ်ပေးခဲ့ပြီးWeight စနစ်မှ Volume စနစ်ကို ပြောင်းလဲသုံးစွဲရေး ကြီးကြပ်ပေးခဲ့သည်။ ပြည်ပ တင်ပို့ရန်အတွက် ဆန်စပါး၊ ပဲနှမ်းအတွက် လိုအပ်သည့်အချင်အတွယ် စနစ်နှင့်ပတ်သက်၍    ပုဂ္ဂလိက အသင်းအဖွဲ့များ၊   ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများ၏ အခက်အခဲများကို  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည်။
စပါးကုန်သွယ်ရောင်းဝယ်ခြင်း၌ စပါး ၄၆ ပေါင် တစ်တင်းဟု သတ်မှတ်ရာတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိရမည်ဟု   သတ်မှတ် ထားရာ ကုန်သည်ပွဲစားများအနေဖြင့် ဝယ်ယူရာတွင် ပါဝင်သည့် စပါး၏ အစိုဓာတ်၊ သန့်စင်မှု၊   ဖုန်၊ သဲ၊ ခဲ ပါဝင်မှုအမျိုးမျိုးအပေါ် မူတည်၍ ပေါင် ၅၀၊ ၅၂ပေါင် တစ်တင်း  စံနှုန်းများဖြင့်  ဝယ်ယူကြရာ ဒေသအမျိုးမျိုးတွင်   စံနှုန်းအမျိုးမျိုး   ကွဲပြားနေကြပါသေးသည်။ တင်းတောင်းကို စံကိုက်မှုမရှိသဖြင့် မသေချာသော သံသယဖြင့် မိမိ ဘက်၌အရှုံးမရှိစေရန် စပါးဈေးနှုန်းကို တတ်နိုင်သမျှ နှိမ့်ချ၍ ဝယ် ယူသည့်အခါ တောင်သူလယ်သမားရရှိသည့်စပါးဈေးနှုန်းမှာ နိမ့်ကျ သွားသည်မျိုး ဖြစ်တတ်ကြသည်။  ဆန်ပြည်ပတင်ပို့ရာတွင် ပင်လယ် ရေကြောင်းမှဖြစ်စေ၊ နယ်စပ်ကုန်သွယ်ရေးမှဖြစ်စေ  ပိုမိုအဆင်ပြေ စေရေးအတွက်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း   မြန်မာ့ ဆန်စပါး စံချိန်စံညွှန်း၊   အလေးချိန် အခြင်အတွယ်ဆိုင်ရာများအား နိုင်ငံတကာစံနှုန်းနှင့်အညီ     သတ်မှတ်ဆောင်ရွက်နိုင်ရေးစည်းရုံး ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ပတင်ပို့လျက်ရှိသော ပဲမျိုးစုံတွင်လည်း  ထုပ်ပိုးမှုအပိုင်း တွင် အလေးချိန်  အထူအပါး မတူညီသော   ပီနံအိတ်ခွံများဖြင့် ထည့်သွင်း   ထုပ်ပိုးရောင်းချနေကြရာ   နိုင်ငံတကာဈေးကွက်တွင် အဆင်မပြေကြောင်း  သိရသည်။   အိတ်ခွံအလေးချိန်ကို   ၁၂ ဒသမ ၅ကျပ်သား သတ်မှတ်သည့်ပွဲရုံ၊    ၂၅ ကျပ်သား  သတ်မှတ်သည့်ပွဲရုံ စသည်ဖြင့်အမျိုးမျိုးတွေ့ရသည်။လက်ရှိ ပီနံအိတ်ခွံ အရည်အသွေး တန်ဖိုးကို ဂရမ်အလိုက်   သတ်မှတ်ဝယ်ယူရခြင်းဖြစ်ရာ   ပဲစင်းငုံ ပဲအမျိုးအစားအတွက် အိန္ဒိယသို့တင်ပို့ရန် သတ်မှတ်ထားသည့်၁၂၀ ဂရမ် အိတ်ခွံကို သုံးစွဲကြသည်။ ပဲတစ်တင်းတွင် သတ်မှတ်ထားသည့် ပိဿာချိန် ၁၉ ပိဿာ၊ ၂၀ ပိဿာစသည်ဖြင့် ပွဲရုံများကချင်တွယ်ယူပြီး ပြည်ပ တင်ပို့ရောင်းချရာတွင် တန်ချိန်ဖြင့်သာ သတ်မှတ်ရောင်းချရ သည့်အတွက် တင်း၊ ပိဿာ၊ တန် ဆက်သွယ်ချက်များ တွက်ချက်ကြပါ သည်။ကုန်စည်ဒိုင်များအနေဖြင့်အရောင်းအဝယ်ဖြစ်သည့် ကုန်စည် များ၏ ဈေးနှုန်းများမှန်ကန်ရေး၊ ပစ္စည်းအရည်အသွေးနှင့် အမျိုး အစား မှန်ကန်ရေး၊အလေးချိန် တင်းတောင်း မှန်ကန်ရေး စသည်ဖြင့် အရောင်းအဝယ်မှန်ကန်အောင်   ဖော်ဆောင်ပေးရန်မှာ အလွန် အရေးပါသည်။ သင့်လျော်သောဈေးနှုန်း  မရရှိပါက တွက်ခြေကိုက် အောင်  မသမာမှုများနှင့် အလေးခိုးယူခြင်း၊   ပစ္စည်းအညံ့များဖြင့် ရောနှော ရောင်းချခြင်းတို့ဖြစ်ပေါ်စေသည်။   ရောင်းသူနှင့်ဝယ်သူ တို့အကြား တစ်ဖက်နှင့်တစ်ဖက်   သမာသမတ်ဖြစ်ရေးအတွက် မှန်ကန်စွာ ထိန်းကျောင်းပေးရန်လည်း လိုအပ်သည်။ မြန်မာ့လယ်ယာ ထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်ရာတွင် စံနှုန်းထားများ၊ အလေး ချိန် အတိုင်းအတာများနှင့်ပတ်သက်၍ အလေး၊ တင်းတောင်း၊ အချိန် အတွယ်များကို တညီတညွတ်တည်းဖြစ်စေရေး အစိုးရနှင့် ပုဂ္ဂလိက အသင်း အဖွဲ့၊ ကုန်စည်ဒိုင်များ၊ တောင်သူလယ်သမားများအပါအဝင် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အချင်အတွယ်များတွင်  စပါး၊ ပဲမျိုးစုံကို တင်း တောင်းနှင့် ချင့်တွက်၍ အထွက်နှုန်းကို ဖော်ပြရာတွင် စပါး၊ ပဲမျိုးစုံ ကို  တင်းရေဖြင့်၊ စားဖိုဆောင်သီးနှံကို   ပိဿာဖြင့်၊  သစ်သီးဝလံကို လုံးရေဖြင့် ဖော်ပြသော်လည်း  ထွက်ရှိမှုကို   ပြည်ပတင်ပို့နိုင်ရေး အတွက်   တန်ချိန်ဖွဲ့တွက်သည်။ သယ်ယူပို့ဆောင်စရိတ်  ကားတန် ဆာခကို  တစ်ပိဿာဈေးနှုန်း၊ တစ်တန်ဈေးနှုန်း စသည်ဖြင့် ကုန်စည် ပေါ် မူတည်သတ်မှတ်ကြကြောင်းတွေ့ရသည်။ လယ်တောယာတော တွင် အလေးချိန်စနစ်ကို ကူးပြောင်းရန် နေရာတိုင်းအဆင်မပြေသဖြင့် ပြည်ပတင်ပို့ခြင်းလုပ်ငန်းစဉ်တွင်   အလေးချိန်စနစ်ကို   သုံးစွဲရန် လက်ခံထားကြသည်။ မဖြစ်မနေ လိုက်နာရမည့် စံချိန်စံညွှန်းများနှင့် ဆန္ဒအလျောက် လိုက်နာရမည့် စံချိန်စံညွှန်းများအား   ခွဲခြားသတ် မှတ်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမည့်အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။
အခြားကဏ္ဍများကိုလေ့လာကြည့်ပါက ဆောက်လုပ်ရေးလုပ် ငန်းသုံး  သဲနှင့်ကျောက်များအား ကျင်းနှင့်ချင်သည်။ ကွန်ကရစ်အား ကုဗမီတာနှင့်တွက်သည်။ သစ်ကိုတိုင်းတာရာတွင်  အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးရော  သုံးစွဲသည်။ ထို့ကြောင့်   ဗြိတိသျှစနစ်၊ မက်ထရစ်စနစ်၊ မြန်မာ့ရိုးရာအတိုင်းအတာများကိုတွဲ၍  စုပေါင်းစပ်ပေါင်းစနစ် သုံးစွဲ ကြောင်း တွေ့ရသည်။ ထို့ကြောင့် ထုထည်ဆက်သွယ်ချက်၊အလေးချိန် အချင်အတွယ်ဆိုင်ရာ ဆက်သွယ်ချက်၊  ယူနစ်ပြောင်း ဇယားတို့ကို များစွာမှတ်သားထားရသည်။
စားသုံးဆီ ၁၀ပိဿာဝင်ပုံးဖြင့်  ဆီစက်တွင်  ဝယ်သည်၊ တစ် ပိဿာဈေးနှုန်းဖြင့်   ၁၀ ပိဿာ ကျသင့်ငွေပေးချေခဲ့သည်။ အဆိုပါ ၁၀ ပိဿာဝင်ပုံး ပါကင်ပိတ်စားအုန်းဆီ တစ်ပုံးဝယ်ယူသည်ဆိုပါက အချို့က ၁၀ ပိဿာဟုပင်ထင်သည်။ ပုံးပေါ်တွင် ၁၈ လီတာဟုဖော်ပြ ထားသည်။ အပြင်ပေါက်ဈေး   စားအုန်းဆီ   တစ်ပိဿာဈေးနှုန်းကို ၁၀ဖြင့် မြှောက်တွက်ချက်၍  မရတော့ပါ။ တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုးဖြစ်မည်။ ၁၈လီတာသည် ၁၀ပိဿာအလေးချိန်မရှိပါ။ ဈေး အတွင်းတွင် လက်လီ ဆီချင်ခွက်များဖြင့်  ရောင်းဝယ်ဖြစ်နေဆဲဖြစ် သည်။ ၂၅  ကျပ်သား   ဆီချင်ခွက်ဖြင့်   အပြည့်ထည့်ပေးလိုက် သော်လည်း ခွက်အတွင်းပြန်ကပ်ပါသွားသည်ဟုဆိုကာ ခွက်မှောက် ခွက်လှန်စနစ်ကို ပြောင်း၍ လက်လီကိုလည်း    ကတ္တားဖြင့်ချိန်တွယ် သည့်စနစ်နှင့်   ကုန်အညွှန်းအမှတ်အသားပါသော   ပါကင်စနစ်ကို ကူးပြောင်းနေပြီဖြစ်သည်။                            ရီလင်းထွဋ်(မုံရွာ)