အကျိုးအမြတ်ကောင်းလျက်ရှိသည့် ကြက်သွန်နီ

Wed, 10/26/2022 - 10:02 -- admin_ygn

ကြက်သွန်နီဆိုလျှင်   မြန်မာများက  စားဖိုဆောင်သီးနှံအဖြစ် မှတ်ယူကြသည်။ စားဖိုဆောင်သီးနှံဖြစ်သည်မှာ  မှားသည်ဟု မဆို နိုင်ပါ။ သို့ရာတွင် ကြက်သွန်နီသည်  မူလဇာစ်မြစ်မှာ  ဟင်းသီးဟင်း ရွက်ဟုဆိုနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ဝင်ဆိုသည့်အတိုင်း  ပုပ်သိုး ပျက်စီးလွယ်ပါသည်။သဘာဝပတ်ဝန်းကျင်အတိုင်းဆိုလျှင် ကြာရှည် အထားမခံပါ။  မြန်မာနိုင်ငံတွင်  ရိုးရာဓလေ့အားဖြင့် ဝါးကြမ်းခင်း၊ ဝါးထရံကာဖြင့်   သိုလှောင်ထားလေ့ရှိပြီး   တစ်နှစ်သိုလှောင်ထားသို လေ့ရှိသည်။    ဆောင်းကြက်သွန်နီသည်  မတ်လတွင်   ထွက်ရှိပြီး သိုလှောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် အရည်အသွေးအကောင်း ဆုံး ကြက်သွန်နီဟု သတ်မှတ်ထားသည့်  ကြက်သွန်နီမှာ   မြစ်သား ကြက်သွန်နီဟု သိရှိကြသည်။  
ထို့နောက် စိုက်ပျိုးသည့်ဒေသများကိုလိုက်၍  ဆိပ်ဖြူကြက် သွန်နီ၊ မြင်းခြံ၊  တောင်သာ ကြက်သွန်နီများ၊ မုံရွာကြက်သွန်နီများ စသည်ဖြင့် ကွဲပြားကြသည်။   မိတ္ထီလာဘက်ကလည်း ကြက်သွန်နီ ထွက်ရှိသည်။ ယခုနှစ်တွင်  ကြက်သွန်နီဈေးများ  မြင့်တက်လာသည်မှာ  လက်ကားဈေးကွက်တွင်  တစ်ပိဿာလျှင် ၂၅၀ဝ ကျပ်နှင့်  ၃၀ဝ၀ ကျပ်ကြားသို့  ရောက်ရှိလာသည်ဟု ဆိုနိုင်သည်။ ယခင်နှစ်က  တစ် ပိဿာလျှင် ၅၀ဝ ကျပ်ဝန်းကျင်သာရှိသည့်  ကြက်သွန်နီမှာ ယခုနှစ် တွင် အကျိုးရှိသည်ဟု ဆိုနိုင်ပါသည်။  ကြက်သွန်နီကို   စိုက်ပျိုးထုတ် လုပ်သည့်အရေအတွက်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးသည် ထက် ပိုလျှံသည့်အရေအတွက်ရှိသဖြင့်   ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိလျှင် သို့မဟုတ်  တင်ပို့မှုနည်းလျှင် ပြည်တွင်း ဈေးမတက်သဖြင့်  တောင်သူများ အမြတ်နည်းခြင်း၊အရှုံးပေါ်ခြင်းများကြုံရလေ့ရှိသည်။ ထို့ကြောင့်ပင်  ကြက်သွန်နီစိုက်ရသည်မှာရသည်ထက်  ကုန်သည်က များသကဲ့သို့ ရှိသည်။   ယခုနှစ် ကြက်သွန်နီ  စိုက်မည့်သူများအနေဖြင့် ဒီဇယ်ဆီဈေးကြီးသည့်အချက်နှင့်    မြေသြဇာဈေးကြီးသည့်အချက် များကြောင့် စိုက်ပျိုးထုတ်လုပ်စရိတ်ကြီးမြင့်မှုကို  ကြုံရမည်ဖြစ်သဖြင့်  ရောင်းချထားသော   ကြက်သွန်နီဖိုးများကို  ပြန်ရင်းနိုင်ရေး ချန်လှပ်ရ ဦးမည်မှာ သေချာသည်ဟု ဆိုနိုင်ပါသည်။

မြန်မာ့ကြက်သွန်နီ တင်ပို့မှုအခြေအနေ
ကြက်သွန်နီ၏  HS Code ကိုကြည့်လျှင်  070310 Onion and Shallot ကို ဖော်ပြထားကြောင်း တွေ့ရသည်။   မြန်မာ့ကြက်သွန်နီကို ပုံမှန်အားဖြင့် နှစ်စဉ်တင်ပို့လေ့ရှိသည်မှာ  မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့လည်း မြဝတီမှတစ်ဆင့် တင်ပို့လေ့ရှိသည်။ ယခုဘဏ္ဍာ နှစ် ၂၀၂၂ခုနှစ်  ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ တင်ပို့မှုကို ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရပါသည်-
တရုတ်နိုင်ငံသို့  တန်ချိန် ၉၀ဝ၀ ကျော် တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ နှစ်သန်းကျော်၊ ထိုင်းနိုင်ငံသို့      တန်ချိန် ၅၄၀ဝ၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁သန်း နီးပါး၊ ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၇၀ခန့်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  တစ်သောင်း ကျော် တင်ပို့ခဲ့သည်။
အဆိုပါ သုံးနိုင်ငံစုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၆၅၀ဝ၀ ခန့်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်ရှိသည်။ ကြက် သွန်နီကို ယခုနှစ်တွင် တရုတ်နယ်စပ်မှ တင်ပို့မှုထက်  ထိုင်းနိုင်ငံသို့ တင်ပို့မှုက ပိုမိုများပြားသည်ကို တွေ့နိုင်ပါသည်။ အချို့နှစ်များတွင် တရုတ်၊ ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်မှ   တစ်ပြိုင်နက် ဝယ်ယူမှုများပြား သောနှစ်များတွင်  တစ်နှစ်အတွင်း   တန်ချိန်တစ်သိန်းကျော်အထိ တင်ပို့ခဲ့ရသည်ကို တွေ့ရသည်။  ပုံမှန်တင်ပို့လျက်ရှိသော   နိုင်ငံမှာ အဓိကနှစ်နိုင်ငံဖြစ်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအနေဖြင့်  အိန္ဒိယနိုင်ငံဘက်မှ  ကြက်သွန်နီမှာ  ဈေး သက်သာသဖြင့် အိန္ဒိယဘက်မှ အဓိကဝယ်ယူလေ့ရှိပြီး အိန္ဒိယနိုင်ငံ ဘက်မှ တင်ပို့မှုတွင်  လျော့နည်းလျှင်   ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှ ကြက်သွန်နီများကို စစ်တွေဘက်မှတစ်ဆင့် ဝယ်ယူလေ့ ရှိသည်။ ယခင်နှစ်များက ရောင်းချမှုများကို  ပြန်ကြည့်လျှင်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် (၂၀၁၈ အောက်တိုဘာ ၁ ရက် မှ ၂၀၁၉ ခုနှစ် စက် တင်ဘာ ၃၀ ရက်အထိ)တွင် တန်ချိန် ၈၇၈၀ဝ ကျော်၊  တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၂၀ဒသမ ၃၁သန်း၊၂၀၁၉-၂၀၂၀ဘဏ္ဍာ နှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ်  စက်တင် ဘာ ၃၀ ရက်အထိ)တွင်  တန်ချိန် ၁၃၃၅၀ဝကျော်၊  တန်ဖိုးအားဖြင့် ၅၁သန်းကျော် ရရှိခဲ့သည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်ထိ)တွင် တန်ချိန် ၂၅၂၃၀ဝ ကျော်၊ တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၄၅ သန်းကျော်)ဖိုး တင်ပို့ခဲ့ကြောင်းတွေ့ရသည်။
ယခုနှစ်တွင် ရောင်းချနိုင်သည့် အရေအတွက်နည်းသော်လည်း တစ်တန်  တန်ဖိုးမှာ ယခင်နှစ်ထက် နှစ်ဆမျှရှိသည်ကို တွေ့ရသည်။ ပြည်ပတင်ပို့ရေးတွင်  ကြက်သွန်နီသည် ပြည်တွင်းသုံးထက်  နှစ်စဉ် ပိုမိုသဖြင့် တောင်သူကုန်သည် အကျိုးရှိမည့်  ပြည်ပတင်ပို့ရေးကို နည်းလမ်းပေါင်းစုံ စဉ်းစားကူညီပေးနိုင်မည်ဆိုပါက   ကြက်သွန်နီ တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေလည်း တိုးတက်ရရှိလာနိုင်ပါသည်။ ယခု အခါ ကြက်သွန်နီ၏ဈေးနှုန်းမှာ ပြည်ပတင်ပို့ရာတွင်လည်း  ပိုမိုရရှိ လာသဖြင့် ယခင်တင်ပို့မှုမှရရှိသည့်   နိုင်ငံခြားငွေသန်း ၅၀ခန့်မှ  ပိုမို ရရှိရေးကို ဦးတည်ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။

ကမ္ဘာ့ကြက်သွန်နီအခြေအနေ
ယခင်နှစ် ၂၀၂၁ခုနှစ်တွင် ကမ္ဘာပေါ်၌ ကြက်သွန်နီအများဆုံး တင်သွင်းသည့်နိုင်ငံမှာ နယ်သာလန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၄၃ သန်းဖိုးအထိ တင်ပို့ထားသည်။   အများဆုံးတင်ပို့သောနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်ဟုသိရပြီး   အမေရိကန်ဒေါ်လာ ၅၃၈ သန်းဖိုး တင်ပို့ထားသည်။ ဒုတိယမှာ  အိန္ဒိယနိုင်ငံဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄၄၉ သန်းကျော်ဖိုး  တင်ပို့ထားသည်။  တတိယမှာ တရုတ် နိုင်ငံဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၄၃၅ သန်းဖိုး   တင်ပို့ထားသည်။ ထို့နောက်  စတုတ္ထတင်ပို့သည့်နိုင်ငံမှာ  မက္ကဆီကိုနိုင်ငံဖြစ်သည်။  အများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်  တင်ပို့မှုတန်ဖိုးအားဖြင့်  အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၆ဘီလီယံ အထိရှိပြီး တစ်ကမ္ဘာလုံးတင်သွင်းသည့် တန်ဖိုး မှာ အမေရိကန်ဒေါ်လာဖြင့် ၃ ဒသမ ၇၉ ဘီလီယံရှိသည်ဟု သိရသည်။ စိုက်ပျိုးထုတ်လုပ်မှုပေါင်းမှာ တစ်ကမ္ဘာလုံးတွင် တန်ချိန် ၁၀၄ ဒသမ ၅၃ သန်းရှိသည်ဟု သိရသည်။   တင်သွင်းမှုများကိုကြည့် လျှင် အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဗီယက်နမ်၊ မလေးရှားနှင့် အခြားသော ဥရောပနိုင်ငံများနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့   ပါဝင်သည်။ အာရှမှနိုင်ငံများဖြစ်သော  အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်တို့သည်  အများအပြား  တင်သွင်းသောနိုင်ငံ များဖြစ်သကဲ့သို့  ၂၀၁၇ မှ ၂၀၂၀ အထိ ပြန်ကြည့်လျှင် ကြက်သွန်နီကို တိုးတက်တင်သွင်းလာသည်ကို တွေ့နေရသည်။    ယခုအချိန်တွင် အိန္ဒိယနိုင်ငံမှ  လယ်ယာထွက်ကုန်များ   တင်ပို့မှုကျဆင်းလျက်ရှိ သဖြင့် အိန္ဒိယနိုင်ငံ၏ ဈေးကွက်များကို ဗီယက်နမ်အပါအဝင် အာရှ နိုင်ငံများက   ဈေးကွက်ထိုးဖောက်ရန်   ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။   မြန်မာနိုင်ငံအနေဖြင့်လည်း    အဆိုပါနိုင်ငံများသို့ ရောင်းချနိုင်ရေးကို ကြိုးပမ်းနိုင်လျှင် တင်ပို့မှုတိုးတက်လာပြီး ကြက် သွန်နီ၏အခန်းကဏ္ဍသည်လည်း   ပြည်ပတင်ပို့သည့်သီးနှံများတွင် ပိုမိုထင်ရှားလာမည်ဖြစ်ပါသည်။          (ဆက်လက်ဖော်ပြပါမည်။)

မျိုးသူ(ကုန်သွယ်မြှင့်)