အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(5th ACAFTA WGCC) အတွက် အာဆီယံတွင်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

Mon, 02/19/2024 - 06:49 -- competition

          အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ ၏ ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (Caucus for 5th ASEAN-Canada Free Trade Agreement Working Group on Competition) အတွက် အာဆီယံတွင်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) တွင် ပါဝင်မည့် ယှဉ်ပြိုင်မှုအခန်း (Competition Chapter) ကို ဆွေးနွေးရာတွင် အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား အခြေခံအဖြစ် အသုံးပြုမည့်စာတမ်း (Scoping Paper) အပေါ် နှစ်ဖက်သဘောတူညီချက်ရရှိရန် ရည်ရွယ်၍ ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။

          အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ အာဆီယံဥက္ကဋ္ဌဖြစ်သူ စင်ကာပူယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင် (CCCS) နှင့် နိုင်ငံတကာရေးရာ၊ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး Ms. Yvette Yoong က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၆)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများ၏ စတုတ္ထအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (4th ACAFTA WGC) ရလဒ်များကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက တင်ပြခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့် Article များအနက် ရည်ရွယ်ချက်များ၊ ထိရောက်သော ယှဉ်ပြိုင်မှုစည်းမျဉ်းဥပဒေများနှင့် လျှို့ဝှက်သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ အာဆီယံကအဆိုပြုထားသော စာသားမူကြမ်းအပေါ် ကနေဒါနိုင်ငံက ပြန်လည်အဆိုပြုလာမှုများကို ဆွေးနွေးခဲ့ကြပါသည်။