ပြည်ခရိုင်ရှိ သီဟိုဠ် ဈေးနှုန်းဈေးကွက်

Tue, 11/21/2023 - 06:55 -- mocadmin

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၌ သီဟိုဠ်ပင်နှင့် လျှော်ဖြူပင်များကို စိုက်ပျိုးထားရှိရာ သီဟိုဠ်စေ့ကို ပြည်တွင်း၌ အသုံးပြုရန်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ပို့ကုန် (Export) တန်းဝင် အသီးအနှံများဖြစ်စေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          သီဟိုဠ်ပင်၏ မူရင်းဒေသမှာ တောင်အမေရိကနှင့် ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှ စတင်၍ အိန္ဒိယနိုင်ငံမှတစ်ဆင့် အာရှတိုက်အတွင်း၊ ဗီယက်နမ်နိုင်ငံမှတစ်ဆင့် အာဖရိကနိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးလာခဲ့ကြရာ ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်များတွင် စိုက်ပျိုးကြကြောင်း၊ သီဟိုဠ်ပင်ကို မေလနှင့် ဇွန်လတွင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင် (၄၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ သီဟိုဠ်စေ့ကို မြန်မာနိုင်ငံတွင် လူအများအပြားစားသုံးကြပြီး ပြည်ဈေးကွက်၌ သီဟိုဠ်အစေ့အဆန် များကို မုန့်ဖုတ်ခြင်း၊ အစားအသောက်ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုခြင်းနှင့် လှော်၍ ရောင်းချ ခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

          ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှ ထွက်ရှိသော သီဟိုဠ်စေ့များကို ကုန်ကြမ်း (အစို) အတိုင်းသာ ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ်၌ ကုန်ကြမ်းအစို တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်ဖြင့် ရန်ကုန်သို့ ရက်ခြား တင်ပို့နိုင်သော်လည်း ယခုနှစ်တွင် ရာသီဥတုဒဏ်ကြောင့် အဖူးအပွင့်များ၊ အသီးများ ကြွေကျ၍ အထွက်နှုန်းများ ကျဆင်းလာပြီး ကုန်ကြမ်းအစို တစ်ပိဿာလျှင် ၃,၅၀၀ ကျပ်နှုန်းဖြင့် ပွဲစားများက လာရောက်ဝယ်ယူကာ ရန်ကုန်၊ ထောက်ကြံ့သို့ တင်ပို့ရောင်းချကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော သီဟိုဠ်စေ့များသည် မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိရာ ပြည်ပဈေးကွက်ရှိသည့် သီးနှံဖြစ်သောကြောင့် ဈေးကောင်းရရှိရေးအတွက် အထွက်နှုန်းကောင်း/ အရည်အသွေးကောင်းသော မျိုးများကို ရွေးချယ်စိုက်ပျိုးပါက ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိလာနိုင်မည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

DOCA (ပဲခူး)

Local Trade News

Pages