သတင်းများ

မဲခေါင်-လန်ချန်းဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီပွားရေးလုပ်ငန်းများ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးမူဝါဒများ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်များတက်ရေ

Tue, 09/12/2023 - 03:59 -- ipICTdep
Myanmar

ရန်ကုန်၊ စက်တင်ဘာ

   မဲခေါင်-လန်ချန်းဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs လုပ်ငန်းများ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးမူဝါဒများ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာနနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

   မဲခေါင်- လန်ချန်းဒေသရှိ စွန့်ဦးတီထွင်စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးမှုအတွက် နည်းပညာလွှဲပြောင်းမှု လျင်မြန်စေရေးစင်တာတည်ဆောက်ခြင်းစီမံကိန်းသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာလွှဲပြောင်းမှု လျင်မြန်စေရေးစင်တာတည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အစိုးရသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများနှင့် တက္ကသိုလ်များတွင် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များကို မျှဝေခြင်းနှင့် ဖလှယ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ 

   အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “စီးပွားရေးလုပ်ငန်းများဆိုင်ရာ မူပိုင်ခွင့်နှင့်နည်းပညာလွှဲပြောင်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး နည်းပညာလွှဲပြောင်းမှုလုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှုစနစ်၊ အကောင်းဆုံးမူဝါဒ အလေ့အကျင့်များနှင့် နည်းပညာလွှဲပြောင်းမှုစနစ်၏ အသေးစိတ်လုပ်ငန်းဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

Zoom Application ကျွမ်းကျင်စွာအသုံးပြုနိုင်ရေး သင်တန်းဖွင့်လှစ်ခြင်း

Tue, 08/29/2023 - 06:46 -- ipICTdep
Myanmar

   မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများကို Zoom Application ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀:၀၀)အချိန်၌ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမတွင်  Zoom Application အသုံးပြုနည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

   သင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ အိုင်တီဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင့်သဉ္ဇာမျိုး က ပို့ချပေးခဲ့ပြီး မူပိုင်ခွင့်ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် virtual ဖြင့်ကျင်းပပြုလုပ်သော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများတွင် Zoom Application ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ Zoom Application အား အသုံးပြုရာတွင် သိရှိထားသင့်သည့် အကြောင်းအရာများကို လက်တွေ့ရှင်းလင်းသွားမည် ဖြစ်ပါကြောင်းပြောကြား၍ သင်တန်းတွင် Zoom account ဖွင့်လှစ်ခြင်း၊ Zoom meeting Link ပြုလုပ်ခြင်း၊ Zoom Host အဖြစ် ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အကြောင်းအရာများကို လက်တွေ့ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းတက်ရောက်သူများအား (၃၀-၈-၂၀၂၃) ရက်နေ့တွင် ကျွမ်းကျင်မှုစစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာန၏ ဌာနခွဲများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 08/25/2023 - 09:23 -- ipICTdep
Myanmar

  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားသည်။

  အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ဒီဇိုင်းများကို မူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ရယူထားနိုင်သည့် အခြေအနေနှင့် အကာအကွယ်ရယူထားလျှင် ရရှိနိုင်မည့် အခွင့်အရေးများနှင့်  အကျိုးအမြတ်များကို ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များကိုသိရှိနားလည်ခြင်းအားဖြင့် ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက် တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများ၏ ဒီဇိုင်းများကို အခြားသူ တစ်ဦးဦးက ပုံတူကူးချခြင်း၊ အတုပြုလုပ်ရောင်းချခြင်း၊  ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းများကို ဥပဒေနှင့်အညီ တားဆီးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလို၍ မေးမြန်းခြင်းများကို ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၂:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်

Thu, 08/24/2023 - 03:38 -- ipICTdep
Myanmar

   အာဆီယံဒေသတွင်း ဖွံဖြိုးတိုးတက်မှုတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ရာ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဟောင်ကောင် (တရုတ်)နိုင်ငံ မူပိုင်ခွင့်ရုံး၏ ကိုယ်စားလှယ်များ၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအခြေပြု အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်း (MSMEs)များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနက ညွှန်ကြားရေးမှူးတစ်ဦး နှင့် အသေးစား ၊ အငယ်စား ၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSMEs) လုပ်ငန်းရှင်(၂)ဦး စုစုပေါင်း ကိုယ်စားလှယ်(၃) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မူပိုင်ခွင့်အကာအကွယ်ပေးမှုစက်ဝန်း (IP Cycle) သဘော တရားများအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာတို့နှင့် ဆက်စပ် သည့် မဟာဗျူဟာမြောက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျင့်သုံးမှုများအတွက် ကျွမ်းကျင်မှု စွမ်းရည်များ (Hard and Soft Skills) ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဟောင်ကောင် (တရုတ်)နိုင်ငံတို့ရှိ startups နှင့် MSMEs တို့အကြား ဒေသတွင်းဆက်သွယ်မှု ကွန်ယက်တစ်ရပ်ဖြစ်ပေါ်လာရန်နှင့် တက်ကြွသော အစပျိုးဆောင်ရွက်ချက်များ ဖန်တီးနိုင်ရန် ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Latest News: 
Latest New တင္ရန္

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို မန္တလေးတက္ကသိုလ်နှင့် မန္တလေးပညာရေးဒီဂရီကောလိပ်များ၌ ကျင်းပ

Fri, 08/18/2023 - 08:45 -- ipICTdep
Undefined

နေပြည်တော်

မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများသိရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့၌ မန္တလေးတက္ကသိုလ် တွင်လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၌ မန္တလေးပညာရေးဒီဂရီကောလိပ်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ် တွင် ပါဝင်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများကိုလည်း ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တက္ကသိုလ်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး ပါကြောင်း၊ တက္ကသိုလ်များတွင် မူပိုင်ခွင့်ဆိုင်ရာစီမံခန့်ခွဲမှုများ ကျင့်သုံးဆောင်ရွက်နိုင်ရန်နှင့် သုတေသန နှင့်တီထွင်ဆန်းသစ်မှု မြှင့်တင်နိုင်ရန်အတွက်  မူပိုင်ခွင့်ဥပဒေများနှင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာ များကို ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်ကို မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးသည့်နှစ်အဖြစ် သတ်မှတ်ထားပြီး မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဥပဒေများနှင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူ (၃၀၀)ဦးခန့်နှင့် မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကျောင်းသား/သူ (၈၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Tue, 08/08/2023 - 09:10 -- ipICTdep
Myanmar

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အာဏာသက်ဝင် မည်ဖြစ်သည့်အတွက် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက် များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုရှိလာပါက မှတ်ပုံတင်ထားခြင်းဖြင့်  အခွင့်အရေးပိုင်ရှင်များအတွက် ခိုင်လုံသောသက်သေအထောက် အထားဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဖန်တီးသူလက်ရာရှင်များနှင့် ပြည်သူများအား စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ စာပေနှင့်အနုပညာကဏ္ဍသည် နိုင်ငံအတွက်အရေးကြီးသည့် ကဏ္ဍတစ်ရပ်တွင် ပါဝင်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေ (၂)ရပ်အား ရေးဆွဲလျက်ရှိပြီး မကြာမီကာလအတွင်း ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို ရရှိနိုင်ရေးအတွက် အသိပညာဗဟုသုတမျှဝေခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ၏ အဓိကရည်ရွယ်ချက်သည်လည်း စီးပွားရေးဂေဟစနစ် ဖွံဖြိုးတိုးတက်စေရေး ပြည်စုံကောင်းမွန်သော မူပိုင်ခွင့်စနစ် တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အခြေခံအုတ်မြစ်များဖြစ်သည့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ မူပို်ငခွင့်ဆိုင်ရာအေဂျင်စီများကို ဖွဲ့စည်းပြီးဖြစ်သည့်အပြင် လိုအပ်သည့် နည်းဥပဒေများလည်း မကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ရန်  လိုအပ်သော အခြေခံပြည့်စုံမှုရှိနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မူပို်ငခွင့်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်ခြင်း

Tue, 07/25/2023 - 08:18 -- ipICTdep
Myanmar

  မူပိုင်ခွင့်ဦးစီးဌာန၏ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြပြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားသည်။

  အဆိုပါသင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်ဥပဒေကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန် ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်မှစတင်၍ လက်ခံဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံ ခြင်းများကို နေပြည်တော်(ရုံးချုပ်)၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) တို့တွင် ရုံးများဖွင့်လှစ်၍ လျှောက်လွှာလက်ခံခြင်း ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

  ဆက်လက်ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) တွင် မူပိုင်ခွင့်ဥပဒေများ၊ မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသဆိုင်ရာအညွှန်းအကြောင်းသိကောင်းစရာများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာသိကောင်းစရာများ၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာသိကောင်းစရာများနှင့် WIPO File Account ဖွင့်လှစ်ခြင်း၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်ရုပ်သိမ်းခြင်းဆိုင်ရာ လက်တွေ့ရှင်းလင်းဆွေးနွေးခြင်းများ စသည့်သင်ခန်းစာများအား ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၈)ရက်နေ့ထိ (၅)ရက်ကြာ ဖွင်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၉၄)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Tue, 07/25/2023 - 08:12 -- ipICTdep
Myanmar

  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

  အဆိုပါအသိပညာပေးဆွေးနွေးပွဲကို မူပိုင်ခွင့်ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၇၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ မိမိတို့ဒီဇိုင်းများကို မူပိုင်ခွင့် ဥပဒေဖြင့် အကာအကွယ်ရယူထားနိုင်သည့် အခြေအနေနှင့်အကာအကွယ်ရယူထားလျှင် ရရှိနိုင်မည့်အခွင့်အရေးများနှင့်  အကျိုးအမြတ်များကို ဆွေးနွေးပွဲမှာ အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဒီဇိုင်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့်အချက်အလက်များကို ပြည်သူလူထုအနေဖြင့် နားလည်သိရှိခြင်းမှတဆင့် မူပိုင်ခွင့်ရယူဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့်၏ အကျိုးအမြတ်အသီးအပွင့်များ ရရှိခံစားနိုင်မည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှညွှန်ကြားရေးမှူးက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူးက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးရာ စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 
Latest New တင္ရန္

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO) နှင့် အာဆီယံ(ASEAN)တို့မှ ပူးပေါင်း၍ ကျင်းပပြုလုပ်မည့် Tik Tok ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Thu, 07/06/2023 - 06:31 -- ipICTdep
Myanmar

၁။      ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) ၏ WIPO Youth Project အရ အကြောင်းအရာဖန်တီးသူ (content creators) လူငယ်လူရွယ်များအား မိမိတို့ ဖန်တီးမှုများ၏ မူပိုင်ခွင့်အခွင့်အရေးများရရှိရန်၊ မူပိုင်ခွင့်ဆိုင်ရာကျွမ်းကျင်ပညာရှင်များထံမှ လေ့လာသင်ယူနိုင်ရန်၊ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးခြင်း၏ အရေးပါမှုကို ပရိသတ်များစွာ သိရှိနိုင်ရေး အားပေးမြှင့်တင်ရန်  ရည်ရွယ်၍ ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ (WIPO) နှင့် အာဆီယံ (ASEAN) တို့မှ ပူးပေါင်း၍  Tik Tok ပြိုင်ပွဲကို “IP & Tourism:  My land is my ultimate flex” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ရာ  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၂။       ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ-

(က) ပြိုင်ပွဲဝင်များသည် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း လူငယ်လူရွယ်ဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ (မူပိုင်ခွင့်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းနှင့်ဆက်စပ်နေသောပုဂ္ဂိုလ်များယှဉ်ပြိုင်ခွင့်မရှိပါ။)    

(ခ)   ပြိုင်ပွဲဝင်များသည် မိမိကိုယ်တိုင် ဖန်တီးထားသည့်  (၁)မိနစ်စာ Tik Tok ကို မိမိတို့၏ကိုယ်ပိုင် Account မှတဆင့် Public Post အဖြစ် hashtag “#ASEANbyNatureMY ”  ကို အသုံးပြုပြီး Upload ပြုလုပ်ရမည် ဖြစ်ပါသည်။

       ( ပြိုင်ပွဲကာလမှာ ၁၅-၆-၂၀၂၃ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အထိ ဖြစ်ပါသည်။)

(ဂ)   ပြိုင်ပွဲဝင်များသည် Tik Tok Video ပေးပို့ရာတွင်  https://multimedia.wipo.int/wipo/en/youth-engagement/wipo-tiktok-youth-theme-song.mp3 မှ သော် လည်းကောင်း(သို့မဟုတ်) Tik Tok Application တွင် “ASEANbyNature” ဟု ရှာဖွေ၍ သော်လည်းကောင်း Original Sound ကို Download ရယူပြီး အသုံးပြုရမည်ဖြစ်ပါသည်။

(ဃ) ပြိုင်ပွဲဝင်များ ဖန်တီးထားသော Tik Tok Video သည် ပြိုင်ပွဲခေါင်းစဉ်ဖြစ်သည့် “IP & Tourism: My land is my ultimate flex” နှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး WIPO-ASEAN Youth Tik Tok ပြိုင်ပွဲအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။

 (င) ပြိုင်ပွဲဝင်များ၏ ကိုယ်ပိုင်ဖန်တီးနိုင်မှုအခြေအနေများ၊ comments နှင့် Like ရရှိမှု အခြေအနေများနှင့် ပြိုင်ပွဲ၏ အခြေခံအချက်အလက်နှင့်ကိုက်ညီမှုအခြေအနေများ အပေါ်မူတည်၍ နောက်တဆင့် branding bootcamp တွင် ပါဝင်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှ ပြိုင်ပွဲဝင် (၁)ဦးစီကို  ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့မှ ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူ၏  Tik Tok Account မှတဆင့် Private Message ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ပေးပို့ကြေညာပေးသွားမည်ဖြစ်ပါသည်။

(စ)   ပြိုင်ပွဲဝင်များအသုံးပြုရမည့် Material များကို https://trello.com/b/LJXttWv6/ promotional-material-asean-x-wipo-tiktok-competition-for-youth တွင်လည်းကောင်း၊ ပြိုင်ပွဲအတွက်အသေးစိတ်အချက်အလက်များကို  https://www.wipo.int/youth-engagement/news/2023/news_0001.html တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

(ဆ) ပြိုင်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၏ website ဖြစ်သည့် www.ipd.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Latest News: 
Latest New တင္ရန္

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၃) သင်တန်းသားခေါ်ယူခြင်း

Thu, 07/06/2023 - 04:05 -- ipICTdep
Myanmar

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (/၂၀၂၃)

သင်တန်းသားခေါ်ယူခြင်း

 

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (/၂၀၂၃)” ကို WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအတွက် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

သင်တန် နေ့ရက်/အချိန်/နေရာ

 သင်တန်းနေ့ရက်         -    (၂၄-၇-၂၀၂၃) ရက်နေ့မှ (၂၈-၇-၂၀၂၃) ရက်နေ့အထိ (၅) ရက်

သင်တန်းအချိန်           -   နေ့စဉ် ၁၀: ၀၀ မှ ၁၅:၀၀ နာရီအထိ

သင်တန်းနေရာ            -   ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

သင်ကြားမည့်စနစ်       -   Virtual Online (Zoom Meeting)

လျှောက်လွှာလက်ခံမည့်နေ့ရက်နှင့်သင်တန်းကြေး

           သင်တန်းလျှောက်လွှာ Form လက်ခံခြင်း            -     (၅-၇-၂၀၂၃) မှ (၁၆-၇-၂၀၂၃)ထိ

           သင်တန်းကြေးပေးသွင်းရမည့်ရက်                     -     (၅-၇-၂၀၂၃) မှ (၂၀-၇-၂၀၂၃)ထိ

           သင်တန်းတက်ရောက်ခွင့်ရသူများစာရင်း             -     (၂၀-၇-၂၀၂၃) မှ (၂၁-၇-၂၀၂၃)ထိ

           ထုတ်ပြန်ကြေညာမည့်ရက်

           သင်တန်းကြေး                                              -     ၃၀၀၀၀၀ကျပ်(သုံးသိန်းကျပ်တိတိ)

           မှတ်ချက်။     သင်တန်းကြေးအား မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ ပေးသွင်းရန်။

လျှောက်ထားခြင်း/ ငွေသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်

  • လျှောက်လွှာပုံစံအား www.ipd.gov.mm တွင် Download ရယူ၍ ipdtraining [email protected] သို့ ပေးပို့လျှောက်ထားရမည်။
  • သင်တန်းတက်ရောက်ခွင့်ရရှိမှုအား www.ipd.gov.mm တွင် ကြေညာမည်ဖြစ်ပါသည်။
  • အခြားသော သင်တန်းဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသူ၏ လျှောက်လွှာပါ e-mail သို့ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
  • သင်တန်းလျှောက်လွှာပေးပို့ပြီးပါက မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် မူပိုင်ခွင့်ဦးစီးဌာန၏ MD-014366 သို့ သင်တန်းကြေးပေးသွင်းရမည်။
  • သင်တန်းကြေးပေးသွင်းပြီး Bank Receipt ၏ Scanned Copy အား PDF Format or Photo ဖြင့် လျှောက်လွှာပေးပို့ခဲ့သည့် e-mail မှ ipdtraining [email protected] သို့ ပေးပို့ရမည်။
  • သင်တန်းကြေးပေးသွင်းမှုစိစစ်ပြီးပါက Zoom ID & Password များအား လျှောက်ထား သူ၏ လျှောက်လွှာပါ e-mail သို့ ပေးပို့မည်ဖြစ်ပါသည်။

          

စည်းကမ်းချက်များ

  • သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားလာသည့် လျှောက်လွှာများအား လက်ခံခြင်း မပြုပါ။
  • လျှောက်လွှာတွင်ပါရှိသော သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
  • သတ်မှတ်သင်တန်းသားဦးရေထက် ကျော်လွန်ပါက နောင်ဖွင့်လှစ်မည့် သင်တန်းတွင် ဦးစားပေးတက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ရမည်ဖြစ်ပြီး အရည်အချင်းစစ် စာမေးပွဲကိုလည်း ဖြေဆိုရမည်ဖြစ်ပါသည်။
  • သင်တန်းအား အချိန်ပြည့်ပြီးဆုံးအောင် တက်ရောက်ပြီး စာမေးပွဲအောင်မြင်သူများကိုသာ သင်တန်းဆင်းလက်မှတ် ထုတ်ပေးမည် ဖြစ်ပါသည်။
  • သင်တန်းကြေးအား သတ်မှတ်သည့်နေ့ရက်အတွင်း ပေးသွင်းခြင်းမရှိလျှင် သင်တန်းသား အဖြစ် မှတ်ယူမည်မဟုတ်ပါ။
  • သင်တန်းကြေးပေးသွင်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက် နိုင်လျှင်ဖြစ်စေ၊ သင်တန်းတက်ရောက်ဆဲ ပျက်ကွက်လျှင်ဖြစ်စေ ပေးသွင်းပြီးထားသော သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက ၀၆၇-၄၃၀၅၇၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

                                                                                                                                                                                                                                                                                                     မူပိုင်ခွင့်ဦးစီးဌာန

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - သတင်းများ