စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Tue, 07/25/2023 - 08:12 -- ipICTdep

  အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

  အဆိုပါအသိပညာပေးဆွေးနွေးပွဲကို မူပိုင်ခွင့်ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၇၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ မိမိတို့ဒီဇိုင်းများကို မူပိုင်ခွင့် ဥပဒေဖြင့် အကာအကွယ်ရယူထားနိုင်သည့် အခြေအနေနှင့်အကာအကွယ်ရယူထားလျှင် ရရှိနိုင်မည့်အခွင့်အရေးများနှင့်  အကျိုးအမြတ်များကို ဆွေးနွေးပွဲမှာ အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဒီဇိုင်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့်အချက်အလက်များကို ပြည်သူလူထုအနေဖြင့် နားလည်သိရှိခြင်းမှတဆင့် မူပိုင်ခွင့်ရယူဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့်၏ အကျိုးအမြတ်အသီးအပွင့်များ ရရှိခံစားနိုင်မည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

  ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှညွှန်ကြားရေးမှူးက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊  ဒုတိယညွှန်ကြားရေးမှူးက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးရာ စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။