အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်ခြင်း

Tue, 07/25/2023 - 08:18 -- ipICTdep

  မူပိုင်ခွင့်ဦးစီးဌာန၏ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြပြီး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကား ပြောကြားသည်။

  အဆိုပါသင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်ဥပဒေကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန် ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်မှစတင်၍ လက်ခံဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံ ခြင်းများကို နေပြည်တော်(ရုံးချုပ်)၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) တို့တွင် ရုံးများဖွင့်လှစ်၍ လျှောက်လွှာလက်ခံခြင်း ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

  ဆက်လက်ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအမှတ်စဉ် (၂/၂၀၂၃) တွင် မူပိုင်ခွင့်ဥပဒေများ၊ မူပိုင်ခွင့်ဆိုင်ရာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသဆိုင်ရာအညွှန်းအကြောင်းသိကောင်းစရာများ၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာသိကောင်းစရာများ၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာသိကောင်းစရာများနှင့် WIPO File Account ဖွင့်လှစ်ခြင်း၊ Online Filing စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်ရုပ်သိမ်းခြင်းဆိုင်ရာ လက်တွေ့ရှင်းလင်းဆွေးနွေးခြင်းများ စသည့်သင်ခန်းစာများအား ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၈)ရက်နေ့ထိ (၅)ရက်ကြာ ဖွင်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း(၁၉၄)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။