နောက်ဆုံးရ သတင်း

နိုင်ငံတော်အရန်ဆန်အတွက် စပါး ဝယ်ယူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ လဆန်းမှ စတင်ဆောင်ရွက်ခဲ့ရာ ပဲခူး တိုင်းဒေသကြီး (ပြည်)အတွင်း  မျိုး ကောင်းစပါး ၁၅  မျိုးခန့်ကို တင်း ၃၅၀၀၀၀ ကျော်  ဝယ်ယူရရှိပြီးဖြစ်ပါ တယ်။ ယခု  စတင်ကြိတ်ခွဲတင်ပို့တဲ့ ကာလအတွင်း  စပါးတင်း ၃၀၀၀၀ ကျော် ကြိတ်ခွဲတင်ပို့ပြီးဖြစ်ကြောင်းနဲ့ ဝယ်ယူရရှိထားတဲ့ စပါးများကို ဧပြီလ ဆန်းပိုင်းအမီ ကြိတ်ခွဲတင်ပို့သွားမှာဖြစ် ကြောင်းသိရပါတယ်။
နေမျိုးဝေ

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာနဲ့တစ်ပြိုင်ထဲမှာ ကမ္ဘာ့နိုင်ငံတော်တော် များများက လုပ်ငန်းရှင်များဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်တစား လာရောက်လေ့လာနေတာ နေ့စဉ်ဆို သလို ရောက်ရှိ နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါးကဏ္ဍမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့အတွက် နိုင်ငံများစွာမှ လာရောက်ဆွေးနွေး လျက်ရှိရာ  မတ်လ ၁၄ ရက်က ဂျပန်နိုင်ငံ Marubeni Corporation, မှ အထွေထွေမန်နေဂျာ Mr Hiroshi Mochizuki နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များကို အသင်းရုံးမှာ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ၊ ဓာတ်မြေသြဇာသွင်းအားစုများ ဆန်စပါး လုပ်ငန်းဆိုင်ရာ ခေတ်မီသိုလှောင်မှု ၊ ပြုပြင်ကြိတ်ခွဲမှုနဲ့ တင်ပို့မှု တို့အပြင် ဆိပ်ကမ်းများမှာ ရင်းနှီးမြုပ်နှံဖို့ကို စိတ်ဝင်တစား ဆွေးနွေးခဲ့သလို မြန်မာ့ဆန်ဖြူကို ဝယ်ယူရေးစတာတွေကို ညှိနှိုင်းကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း အသင်းကို ပြည်ပလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးမှုအနေနဲ့ မတ်လ လဝက်အတွင်း တရုတ်သံအမတ်ကြီးနဲ့အဖွဲ့၊ တရုတ်နိုင်ငံ Asia Light Devision  အဖွဲ့၊ နော်ဝေနိုင်ငံမှ NGO အဖွဲ့အစည်းများလည်း ဆန်စပါးရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း တိုးမြှင့်ရေးတို့ကို လေ့လာဆွေးနွေးကြတယ်လို့ သိရပါတယ်။       
လမင်း

သာပေါင်းမြို့နယ် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကော်မတီက မြို့နယ်တောင်သူများထံမှ စပါးများကို ကုန်ဝယ်ဒိုင် ၃ ခုဖွင့်လှစ်ဝယ်ယူခဲ့ရာ မတ် ၁ ရက်အထိ စပါးတင်းပေါင်း ၁၂၀၀၀ ဝယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။
၎င်းစပါးများကို ဖေဖော်ဝါရီ ၂၉ ရက်မှာ စတင်ကြိတ်ခွဲပြီး မတ် ၅ ရက်အရောက် ရန်ကုန်ကိုတင်ပို့ရန် ညွှန်ကြားကြောင်း မြို့နယ်ဝယ်ယူရေးကော်မတီဥက္ကဋ္ဌက ပြောကြားပါတယ်။ ဒုတိယအကြိမ်အဖြစ်နှင့် ငွေကျပ်သိန်း ၄၀၀ ဖိုးကို တောင်သူများထံမှ ထပ်မံ တိုက်ရိုက် ဝယ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။                      
စိုးသန်းမြင့်

ထိုင်းစက်မှုလုပ်ငန်းဖွွံ့ဖြိုးတိုးတက်ရေးဌာန (Thailand Department of Industrial Promotion) နှင့် မြန်မာနိုင်ငံမှ Global Business Link Co.Ltd (GBL) တို့ ပူးပေါင်းကြီးမှူးပြီး Business Matching  ကို မတ်လ ၂၂ ရက် ကြာသပတေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ကန်တော်ကြီးကန်ရိပ်သာလမ်းရှိ Kandawgyi Palace Hotel မင်္ဂလာခန်းမမှာ နံနက် ၀၉း၀၀ မှ ၁၆း၀၀ ချိန်ထိ ကျင်းပ သွားမယ်လို့ သတင်းရရှိပါတယ်။
Global Business Link Co.Ltd (GBL)  သည် နိုင်ငံခြားစက်မှုကုန်ထုတ် လုပ်ငန်းရှင်များနဲ့ တိုင်းရင်းသားစီးပွားရေးလုပ်ငန်း ရှင်များအား တိုက်ရိုက်ထိတွေ့ ဆွေးနွေးပွဲများ ပြုလုပ်သည့်ဝန်ဆောင်မှုလုပ်ငန်း များကို အဓိကထားဆောင် ရွက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Global Business Link Co.Ltd (GBL)  ရဲ့ ရုံးအဆောက်အအုံကတော့ အမှတ် (၉)၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန် ကမာရွတ်မြို့နယ်မှာတည်ရှိပြီး ၎င်းင်းအဆောက်အအုံမှာ ယခုကဲ့သို့ မြန်မာနိုင်ငံမှာ GBL နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုန်သွယ်မှုတွေ့ဆုံပွဲလာရောက်ကျင်းပတဲ့ ထိုင်း ကုမ္ပဏီများရဲ့ ပစ္စည်းများကို ခင်းကျင်းပြသ ထားတဲ့ Showroom တစ်ခုလည်း တည်ထောင်ထားတယ်လို့ ဈေးကွက်မန်နေဂျာ ဦးသန်းနိုင်က ပြောပါတယ်။
ယခုအကြိမ်မှာလည်း ထိုင်းစက်မှုကုန်ထုတ်လုပ်ငန်းရှင် (၁၆) ခုနဲ့ မြန်မာ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များ တစ်ဦးချင်းသီးသန့်အချိန်ယူ ဆွေးနွေး ခြင်းအားဖြင့် တိုက်ရိုက်ကုန်သွယ်မှုအခွင့်အလမ်းများ၊ အချိတ်အဆက်များ ရရှိနိုင် စေရေး ရည်ရွယ်ကျင်းပတာလို့ GBL မှ ဈေးကွက်မန်နေဂျာ ဦးသန်းနိုင်က Commerce Journal ကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ပါဝင်ပြသကြမယ့် ထိုင်းစက်မှုလုပ်ငန်းထုတ်ကုန်တွေကတော့ ဆောက်လုပ်ရေးသုံးလုပ်ငန်းပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းများ၊ စတီးနှင့်သံထည်များ၊ ထရပ်ကားအမိုးအဖြစ်အသုံးပြုသည့် တာပေါ်လင်စများ၊ ALBEDO တံဆိပ်အမျိုးသားကိုင် သားရေအိတ်များ၊ ဓာတ်ခွဲခန်းသုံး လက် အိတ်များ၊ ဆေးဝါးနှင့်အလှကုန်များ၊ စားသောက်ကုန် ပစ္စည်းများ၊ ကြွေထည်များ၊ ချုပ်ပြီးအထည်များ၊ ပလတ်စတစ်ပစ္စည်းများ၊ PVC  ကြမ်းခင်းနှင့် ကားအခင်းများ၊ သစ်သီးဝလံနှင့် အလှဆင်တာရှည်ခံပန်းအိုးများ၊ စားပွဲတင်နှင့် မီးချောင်းများ၊ တံဆိပ်ရိုက် လုပ်ငန်းများလို့ သိရပါတယ်။
Business Matching  ကို မတ်လ ၂၂ ရက်မှာ နံနက် ၀၉း၀၀ မှ ၁၂း၀၀ ထိနဲ့ ၁၃း၀၀ မှ ၁၆း၀၀ ထိ နှစ်ချိန်ခွဲဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၅၁၂၂၃၉၊ ၅၁၂၂၄၉၊ ၅၁၂၂၅၉နဲ့ email gbl.myanmar@ gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။                                          
ချမ်းမြေ့မောင်

ဧရာဝတီတိုင်းဒေသကြီးအတွင်းဧည့်မထ ၂၅ မှတ်အဆင့်မီ နိုင်ငံတော်အရန် ဆန် ကြိတ်ခွဲရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း၊ ကျုံပျော်၊ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်ကျွန်း၊ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော်၊ ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင် နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး လုပ်ငန်း ကော်မတီများမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်မှစတင်ကာ အဝယ်ဒိုင်များဖွင့်လှစ်ပြီး စပါးများ ဝယ်ယူလျက်ရှိကြောင်းသိရပါတယ်။ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော ဒေသခံတောင်သူများ အကျိုးအမြတ် ရရှိစေရန်နဲ့ စပါးဈေးနှုန်းတည်ငြိမ်မှု ရရှိစေရန်ရည်ရွယ်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် မတ်လ ၆ ရက်နေ့အထိ စုစုပေါင်းစပါးတင်း ၄ ဒသမ ၂၅ သိန်း ဝယ်ယူရရှိပြီးကြောင်း ပုသိမ်မြို့ (မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း) ဧရာဝတီတိုင်း ဒေသကြီးအသင်းရုံးမှသိရပါတယ်။                 
မင်းမင်းဦး

Pages

Subscribe to နောက်ဆုံးရ သတင်း