(၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 09/28/2023 - 11:47 -- Dotbilateral

      မြန်မာ-တရုတ် နှစ်နိုင်ငံအကြား (၁၆) ကြိမ်မြောက် နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်ရေး ကော်မတီအစည်းအဝေးအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် အကြိုညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်၍  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလတွင် တရုတ်နိုင်ငံ၊ရွေလီမြို့၌ ကျင်းပ ပြုလုပ်မည့် (၁၆) ကြိမ်မြောက် နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်ရေးကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည့် အချက်များအပေါ် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ  ဆွေးနွေးခဲ့ကြ ရာတွင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စများ၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် တစ်ဘက်တရုတ်နိုင်ငံသို့ ဆွေးနွေးညှိနှိုင်းပေးစေလိုသည့်ကိစ္စရပ်များ၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား (အရှင်) တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်ဂိတ် လူဝင်/လူထွက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

     အစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ကိုယ်စားလှယ်များ၊ စုစုပေါင်းကိုယ်စားလှယ် (၄၀) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။