Department of Trade

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကျင်းပပြုလုပ်

Mon, 01/01/2024 - 04:29 -- competition
Myanmar

           

         မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        ထို့နောက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဝက်ဘ်ဆိုဒ် ရေးဆွဲဆောင်ရွက်မှုအခြေအနေများ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားလာသည့်အမှုကိစ္စများ၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်မှုများအပေါ် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

        မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ယှဉ်ပြိုင်မှုဥပဒေ စိုးမိုးမှုရှိစေရေးအတွက် ပွင့်လင်းမြင်သာ၍ တရားမျှတစွာ ဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအားလုံးအတွက် ကောင်းမွန်သော စီးပွားရေးဝန်းကျင်ဖြစ်လာစေရေးကို ရှေးရှု၍ ယှဉ်ပြိုင်မှုမူဝါဒအား ရေးဆွဲရန်၊ ယှဉ်ပြိုင်မှုမူဝါဒ၏ အကျိုးကျေးဇူးများကို အသိပညာပေးရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

Latest News: 

“ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲ (Talk Show)” ရိုက်ကူးထုတ်လွှင့်ခြင်း

Fri, 12/29/2023 - 09:48 -- competition
Myanmar

“ယှဉ်ပြိုင်မှုဥပဒေအကြောင်း သိကောင်းစရာများ စကားဝိုင်းဆွေးနွေးပွဲ (Talk Show)” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းမောင်၊ ကော်မရှင်အဖွဲ့ဝင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးသုတအောင်တို့က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၃)

Thu, 12/21/2023 - 03:58 -- DotTrading
Myanmar

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၃)

၁။         ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန် ထမ်းဆောင်မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ် နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှုအဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) တို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

၂။         အဆိုပါသင်တန်းကိုနယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ် များအသုံးအပြု၍ ကုန်သွယ်မှုစာရင်းဇယားများ ဆောင်ရွက်ရာတွင်လျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့်စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ်  အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်    ရည်ရွယ် ၍ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့မှ (၂၇) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) တွင်သင်တန်း သား(၁၂၅)ဦး၊ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၃) တွင် သင်တန်းသား (၃၄) ဦး၊ စုစုပေါင်း (၁၅၉)ဦးတို့ တက်ရောက် ခဲ့ပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန Thursday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Tue, 12/19/2023 - 03:50 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

Thursday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ညီလာခံခန်းမ၌ စကားဝိုင်း ဆွေးနွေးပွဲ ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာ စကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ပြည်ပ၌ ဖွင့်လှစ်ပို့ချသည့်သင်တန်းများတွင် သာမက ပြည်တွင်းသင်တန်းများတွင်လည်း ထူးချွန်စွာပြီးမြောက်အောင် ကြိုးစားကြရန်၊ ကုန်သွယ်မှု မူဝါဒများကို သိရှိနားလည်ပြီး အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အရည်အချင်း (Skill) ပြည့်ဝ အောင်ဆောင်ရွက်ရန်၊ ယုံကြည်မှု (Trust) ရရှိအောင်တည်ဆောက်ရန်၊ ပူးပေါင်းပါဝင်မှု (Cooper- ation) အပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ Digital Trade နှင့် E- commerce ပညာရပ်များကို မျက်ခြည်မပြတ် လေ့လာမှတ်သားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

၃။         ဆွေးနွေးပွဲတွင် စင်ကာပူသမ္မတနိုင်ငံ၌ နိုဝင်ဘာ (၆) ရက်မှ (၁၀) ရက်အထိ ဖွင့်လှစ်ခဲ့သည့် ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာသင်တန်းသို့ တက်ရောက်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုလှိုင်က ‘‘ဒီဂျစ်တယ်ကုန်သွယ်ရေးမှသည် ဒီဂျစ်တယ် စီးပွားရေးဆီသို့’’ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးညီညီအောင်က ထပ်မံဖြည့် စွက်ဆွေးနွေးခဲ့ပါသည်။       

၄။          ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)နှင့်(အောက်မြန်မာပြည်) တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများဖြစ်သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၇) တွင် သင်တန်းသူ စံပြဆု စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၀၆) တွင် သင်တန်းသား ဒုတိယဆု ၊ စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ် (၁၀၆)တွင် သင်တန်းသား ဒုတိယဆု၊ အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၉၆) တွင် သင်တန်းသား သေနတ်ပစ်ထူးချွန်ဆုနှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၁၇) တွင် အဆင့် (၄) ရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။

၅။         ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ တက်‌ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။

 

Latest News: 

မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်း

Fri, 12/15/2023 - 13:54 -- ipICTdep
Myanmar

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅

   မူပိုင်ခွင့်ဦးစီးဌာနရှိ ဝန်ထမ်းများအား မူပိုင်ခွင့်ဘာသာရပ်အတွက် စွမ်းရည်ပြည့်ဝပြီး ဘာသာရပ်ဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်လွယ်ကူစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ”ကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

   မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲတွင် တင်ပြမှုစွမ်းရည်ပြိုင်ပွဲ(Presentation Skill)နှင့် မူပိုင်ခွင့်ဆိုင်ရာ စကားရည်လုပွဲ(IP Debate) စသည့် စွမ်းရည်(၂)မျိုးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များကို ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တင်ပြမှုစွမ်းရည်ပြိုင်ပွဲအတွက်ဌာနခွဲများမှပြိုင်ပွဲဝင် (၆)ဦးက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မူပိုင်ခွင့်ဆိုင်ရာစကားရည်လုပွဲ (IP Debate) ပြိုင်ပွဲအတွက် စီးပွားရေးဖွံဖြိုးတိုးတက်စေရန် စက်မှုပစ္စည်းမူပိုင်ခွင့်၏ အရေးပါမှု နှင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရန် စာပေနှင့်အနုပညာမူပိုင်ခွင့်၏ အရေးပါမှုခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်မည့်အဖွဲ့နှစ်ဖွဲ့မှ ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြပါသည်။

   ပြိုင်ပွဲဝင်များအတွက် စိစစ်အကဲဖြတ်အမှတ်ပေးခြင်းနှင့် ဆုရရှိသူများရွေးချယ်ခြင်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက စိစစ်အကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲအလိုက် ဆုများကို ရွေးချယ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Latest News: 

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Thu, 12/14/2023 - 05:47 -- competition
Myanmar

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၂) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်း အပိုဒ်အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၅) “ယှဉ်ပြိုင်မှုမူဝါဒ ခံယူကျင့်သုံးမှု”နှင့် အပိုဒ်(၆) “စည်းရုံးလှုံ့ဆော်မှုအားကောင်းစေရေး” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် အပြီးသတ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အပိုဒ် (၇) “ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး ဆောင်ရွက်ချက်များ” ကို စတင်ဆွေးနွေးခဲ့ကြပါသည်။

          အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်မှုလွယ်ကူစေရေးအတွက် ဥပဒေဆိုင်ရာမူဘောင်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်းဖြစ်ပါသည်။

Latest News: 

(၁၃) ကြိမ်မြောက်အာရှဒေသတွင်း မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စီးပွားရေးဆိုင်ရာဖိုရမ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ပူးတွဲကျင်းပမည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်

Wed, 12/13/2023 - 09:04 -- ipICTdep
Undefined

နေပြည်တော်၊ ဒီဇင်ဘာလ ၁၁

   ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက်အာရှဒေသတွင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့်စီးပွားရေးဆိုင်ရာဖိုရမ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ပူးတွဲကျင်းပမည့်ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

   အာဆီယံမူပိုင်ခွင့်ရုံးများအကြား အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ အမှတ်တံဆိပ်များ၏ တန်ဖိုးကိုဖော်ထုတ်နိုင်ရေးအတွက် ဦးစားပေးအစီအစဉ် နှင့် လက်ဦးမှုရယူနိုင်ရေးအတွက် လမ်းဖွင့်ပေးမှုများကို  စုပေါင်းဆွေးနွေးခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း စံထားရမည့်မူပိုင်ခွင့်စင်္ကြန်တစ်ခုတည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်၍အဆိုပါဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေများအပေါ် အကောင်အထည်ဖော်မှု အခြေအနေများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နောက်ဆုံးတိုးတက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မူပိုင်ခွင့်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက် မှုအခြေအနေများ၊ အာဆီယံဒေသအတွင်း အမှတ်တံဆိပ်များ၏ တန်ဖိုးဖော်ထုတ်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ဟောင်ကောင်နှင့်အာဆီယံဒေသအတွင်း brand အမှတ်တံဆိပ်များအား ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို case study များဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Latest News: 

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Wed, 12/13/2023 - 05:51 -- competition
Myanmar

            မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အွန်လိုင်းမှ Virtual စနစ်ဖြင့်ကျင်းပသည်။

            အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသန်းမောင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံယှဉ်ပြိုင်မှုအဖွဲ့အစည်း ဒုတိယအကြီးအကဲ Mr. Andrey TSYGANOV တို့က အမှာစကားများပြောကြားပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့ အစည်းများ၏ ဥပဒေစိုးမိုးရေးဆိုင်ရာအတွေ့အကြုံများ၊ ယှဉ်ပြိုင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အကျိုး ကျေးဇူးများရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ စတုတ္ထအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးကြသည်။

            အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း ဒုတိယ အကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Latest News: 

မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဌာနတွင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက် စေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲအမှတ်စဉ် (၁/၂၀၂၃)ကို ကျင်းပခြင်း

Fri, 12/01/2023 - 08:50 -- ipICTdep
Undefined

နေပြည်တော်၊ ဒီဇင်ဘာလ ၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများ အင်္ဂလိပ်စာစွမ်းရည်မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ “အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ (၁/၂၀၂၃)” ကို ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုပြိုင်ပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု တိုးတက်လာပြီး မူပိုင်ခွင့်ဘာသာရပ်ဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံတကာနှင့်ပြောဆိုဆက်ဆံရာ၌ ကောင်းမွန်လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့အတွက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာမှာ ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ဝန်ထမ်းများ အနေဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ယူတတ်မြောက်ထားသင့်ပါကြောင်း၊  နိုင်ငံတကာမှ ဖိတ်ခေါ်သည့် ပညာသင်ဆုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများစွာကို တက်ရောက်ရမည့်အခွင့်လမ်းများစွာရှိတဲ့ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာစကားနှင့်ပတ်သက်၍ အားနည်းမှုမရှိစေလိုကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ပြောဆိုဆက်ဆံလုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များစွာရှိလာမှာ ဖြစ်တဲ့အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

   အင်္ဂလိပ်စာဘာသာစကားစွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များကို မူပိုင်ခွင့်ဦးစီးဌာနမှ လစဉ်ကျင်းပသော အင်္ဂလိပ်စာရေးဖြေစာမေးပွဲနှင့် Speaking Test စစ်ဆေးခြင်းတို့တွင် အမှတ်အများဆုံး ရရှိထားသူများအား ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ပြိုင်ပွဲဝင် များသည် ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြစ်သည့် (၁) IP and Innovation၊ (၂) IP and Youth နှင့်  (၃) IP and Economic Development ခေါင်းစဉ်(၃)ခုအား မဲနှိုက်ရွေးချယ်ကာ မိမိကျရာခေါင်းစဉ်(၁)ခုကို ယှဉ်ပြိုင်ကြရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲ၏စိစစ်အကဲဖြတ်အမှတ်ပေးခြင်းနှင့် ဆုရရှိသူများရွေးချယ်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်းများဖြင့် စိစစ်အကဲဖြတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ အမှတ်စဉ် (၁/၂၀၂၃)တွင် ဌာနခွဲအသီးသီးမှ အရာထမ်း၊ အမှုထမ်း (၉) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုတို့ကို အသီးသီးရွေးချယ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Latest News: 

HS Code သင်တန်းဖွင့်လှစ်မှုအခြေအနေ (သတင်းအပြည့်အစုံ)

Thu, 11/30/2023 - 08:39 -- DotTrading
Myanmar

HS Code သင်တန်းဖွင့်လှစ်မှုအခြေအနေ

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့်သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။          အဆိုပါစီမံချက်အရ HS Code သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမတွင်  ဖွင့်လှစ်ခဲ့ပါသည်။

၃။    ကုန်သွယ်ရေးဦးစီးဌာန၊ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးသော်မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade