(၁၃) ကြိမ်မြောက်အာရှဒေသတွင်း မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စီးပွားရေးဆိုင်ရာဖိုရမ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ပူးတွဲကျင်းပမည့် ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်

Wed, 12/13/2023 - 09:04 -- ipICTdep

နေပြည်တော်၊ ဒီဇင်ဘာလ ၁၁

   ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက်အာရှဒေသတွင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းသည့်စီးပွားရေးဆိုင်ရာဖိုရမ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ပူးတွဲကျင်းပမည့်ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

   အာဆီယံမူပိုင်ခွင့်ရုံးများအကြား အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ အမှတ်တံဆိပ်များ၏ တန်ဖိုးကိုဖော်ထုတ်နိုင်ရေးအတွက် ဦးစားပေးအစီအစဉ် နှင့် လက်ဦးမှုရယူနိုင်ရေးအတွက် လမ်းဖွင့်ပေးမှုများကို  စုပေါင်းဆွေးနွေးခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း စံထားရမည့်မူပိုင်ခွင့်စင်္ကြန်တစ်ခုတည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်၍အဆိုပါဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေများအပေါ် အကောင်အထည်ဖော်မှု အခြေအနေများ၊ အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ နောက်ဆုံးတိုးတက်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မူပိုင်ခွင့်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက် မှုအခြေအနေများ၊ အာဆီယံဒေသအတွင်း အမှတ်တံဆိပ်များ၏ တန်ဖိုးဖော်ထုတ်ခြင်းဆိုင်ရာ အကြောင်းအရာများ၊ ဟောင်ကောင်နှင့်အာဆီယံဒေသအတွင်း brand အမှတ်တံဆိပ်များအား ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို case study များဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။