Department of Trade

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ ဌာနခွဲများအားလုံးရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအားသင်တန်းများဖွင့်လှစ်ပို့ချခဲ့မှုသတင်း

Mon, 09/18/2023 - 09:22 -- DotTrading
Undefined

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ တရားသဖြင့် ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေသည့် စီးပွားရေးဆောင်ရွက် ချက်များသင်တန်းကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၄) ရက်နေ့မှ (၁၅) ရက်နေ့ထိ (ကြာသပတေး၊ သောကြာ)နေ့လည် (၁၃း၃၀) နာရီမှ (၁၅း၃၀) နာရီထိ ဖွင့်လှစ်ခဲ့ပါ သည်။ အဆိုသင်တန်းကို ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော် မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၇) ဦးတို့ တက်ရောက်ခဲ့ပါသည်။

၃။   ထို့အပြင် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ သင်တန်းကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ (အင်္ဂါ ၊ ဗုဒ္ဓဟူး) နေ့များတွင် နံနက်(၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရှင်စောသု မှ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၈) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Thu, 09/14/2023 - 03:35 -- competition
Myanmar

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေး ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်၏ နိဒါန်းနှင့် အပိုဒ် (၄) ယှဉ်ပြိုင်မှုကို ဆန့်ကျင်သောဆောင်ရွက်မှုများကို ဟန့်တားသည့်စည်းမျဉ်းများနှင့် အပိုဒ် (၅)ယှဉ်ပြိုင်မှုမူဝါဒ ခိုင်မာစေရေးတို့တွင် ပါဝင်မည့်စာသားမူကြမ်းများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်မှုလွယ်ကူစေရေးအတွက် ဥပဒေဆိုင်ရာ မူဘောင်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်းဖြစ်ပါသည်။

Latest News: 

ဒေသတွင်းသဘောတူညီချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု သင်တန်းဖွင့်လှစ်မှုအခြေအနေ

Wed, 09/13/2023 - 07:11 -- DotTrading
Undefined

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါ စီမံချက်အရ ဒေသတွင်းသဘောတူညီချက်များ နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုသင်တန်းကို ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ (အင်္ဂါ၊ ဗုဒ္ဓဟူး) နေ့များတွင် နံနက်(၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။         အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ ညွှန်ကြားရေးမှူး ၊ဒေါ်ဝင်းမင်းဖြိုး မှ ဒေသတွင်းသဘောတူညီချက်များ နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို သိရှိနိုင်စေရန် ရည်ရွယ်၍ သင်ခန်း စာများပို့ချပေးခဲ့ပြီး အရာထမ်း ၊အမှုထမ်း စုစုပေါင်း (၂၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 09/13/2023 - 03:49 -- competition
Myanmar

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါ “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။

Latest News: 

စင်ကာပူသမ္မတနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ခြင်း

Wed, 08/30/2023 - 11:09 -- competition
Myanmar

“၂၀၂၃ ခုနှစ်၊ အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ” ကို စင်ကာပူသမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ပြည်တွင်း/ ပြည်ပ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းမှ ဥပဒေအရာရှိများစွာတို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါညီလာခံ၌ အာဆီယံနိုင်ငံများရှိ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ ခိုင်မာအားကောင်းစေရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဓိကစီးပွားရေးနယ်ပယ် များတွင် မတူကွဲပြားသော ဆောင်ရွက်မှုအခြေအနေများ၊ တရားစီရင်ပိုင်ခွင့်နယ်ပယ်အသီးသီးရှိ အဓိက မူဝါဒချမှတ်သူများ၊ ယှဉ်ပြိုင်မှုဥပဒေများ၏ အာဏာသက်ဝင်မှုအခြေအနေများနှင့် ဈေးကွက်စောင့်ကြည့်မှုနှင့် လတ်တလောအမှုကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

“လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်သော ယှဉ်ပြိုင်မှုမူဝါဒ” အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Tue, 08/29/2023 - 08:28 -- competition
Myanmar

          “လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်သော ယှဉ်ပြိုင်မှုမူဝါဒ” ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို အာဆီယံနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (International Trade Centre)တို့က ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့နှင့် စက်တင်ဘာလ ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အွန်လိုင်းဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          ယခုနှစ်များအတွင်းတွင် ဒေသတွင်းနှင့် နှစ်နိုင်ငံဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြပါသည်။ အဆိုပါ ကုန်သွယ်မှုသဘောတူစာချုပ်များတွင် “ယှဉ်ပြိုင်မှုအခန်း” ကိုပါ ထည့်သွင်းရေးဆွဲလာကြသည်ကို တွေ့ရှိရပါသည်။

          စျေးကွက်များတွင် ယှဉ်ပြိုင်မှုနှင့် ကုန်သွယ်မှု ဖြေလျှော့မှုတို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ယှဉ်ပြိုင်မှုမူဝါဒနှင့် ကုန်သွယ်မှုသည် အပြန်အလှန်အားဖြည့်ပေးလျက်ရှိပါသည်။ ကုန်သွယ်မှုကို ဖြေလျှော့ပေးခြင်းဖြင့် ယှဉ်ပြိုင်မှုတိုးလာစေပြီး စျေးကွက်များတွင် ‌ရွေးချယ်နိုင်မှု ပိုမိုများပြားလာစေနိုင်ကာ ပိုမိုကောင်းမွန်သောဈေးနှုန်းများကို ပေးစွမ်းနိုင်မည်ဖြစ်သောကြောင့် စားသုံးသူများ၏ သက်သာချောင်ချိရေးကို တိုးပွားစေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ပါသည်။

          ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ဝင်များအနေဖြင့် ယှဉ်ပြိုင်မှုနှင့် ကုန်သွယ်မှုမူဝါဒတို့အကြား ဆက်စပ်မှုကို အသိအမှတ်ပြုကြပါသည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ အမျိုးမျိုးသော သဘောတူညီချက်များတွင် ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့် ပြုမူဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ပါသည်။

          အစိုးရများနှင့် ဆွေးနွေးညှိနှိုင်းသူများသည်   လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူညီချက်များတွင် ယှဉ်ပြိုင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ထည့်သွင်းရမည့် အကြောင်းပြချက်များကို သတိပြုမိရန် အရေးကြီးပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်များ၏ အကြောင်းအရာ၊ စာချုပ်ဝင်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးပြီးကုန်သွယ်ဖက်နိုင်ငံများထံမှ အထူးနှင့်ကွဲပြားသော အခွင့်အရေးများကို ရရှိနိုင်ခြင်းရှိမရှိ၊ ပြဋ္ဌာန်းချက်များအနေဖြင့် ထိရှလွယ်သောကဏ္ဍများကို အကျိုးသက်ရောက်စေမည်နှင့် ယင်းကဲ့သို့သော ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရန် ကုန်ကျစရိတ်များကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

          ထို့ကြောင့် စေ့စပ်ညှိနှိုင်းသူများသည် ပုဂ္ဂလိကကဏ္ဍ၏ လိုအပ်ချက်များနှင့် ဦးစားပေးများ၊ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့များ၏ ရည်မှန်းချက်များနှင့် စေ့စပ်ညှိနှိုင်းမှုအတွင်း ညှိနှိုင်းဖက်နိုင်ငံက တောင်းဆိုနိုင်သည့်အရာများကို ကောင်းစွာနားလည်ရန် လိုအပ်ပါသည်။

          အာဆီယံသည် မကြာသေးမီက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာချုပ်တွင် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ ထပ်မံဖြည့်စွက်ကာ သဘောတူစာချုပ်ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခဲ့ပါသည်။ အာဆီယံအနေဖြင့် တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံတို့နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းလျက်ရှိသည့်အပြင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။

          ယခုဆွေးနွေးပွဲကို အာဆီယံနိုင်ငံများမှ ယှဉ်ပြိုင်မှုအာဏာပိုင်များ၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းရေးမှူးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်၍ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံးတို့က ပူးပေါင်း၍ စီစဉ်ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါသည်။

          ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်များတွင် ပါဝင်သည့် ယှဉ်ပြိုင်မှုမူဝါဒဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အာရှဒေသတွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ/ ဒစ်ဂျစ်တယ်စီးပွားရေးသဘောတူညီချက်များတွင် ပါဝင်သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ခြုံငုံသုံးသပ်ချက်၊ ယှဉ်ပြိုင်မှုအခန်းများ ဆွေးနွေးညှိနှိုင်းမှုနှင့်သက်ဆိုင်သည့် ကုန်သွယ်မှုညှိနှိုင်းနိုင်မှုစွမ်းရည်များနှင့် အယူအဆအခင်းအကျင်းများ၊ ပုဂ္ဂလိက ကဏ္ဍ၏ အခန်းကဏ္ဍနှင့် ၎င်းတို့၏အမြင်များကို ဆွေးနွေးညှိနှိုင်းမှုများတွင် ထည့်သွင်းရန် အရေးကြီးမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား တရုတ်နိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ ပါတီကော်မတီအတွင်းရေးမှူးမှ လာရောက်တွေ့ဆုံ

Wed, 08/23/2023 - 11:15 -- Dotbilateral
Undefined

     ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်သူရထံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ၊ ကွန်မြူနစ်ပါတီ ပါတီကော်မတီအတွင်းရေးမှူး Mr. Hong Weizhi ဦးဆောင် သည့် အဖွဲ့ဝင် ( ၅ )ဦးမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့ ၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ရုံးအမှတ်(၃) နေပြည်တော်၌ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု လျင်မြန်ချောမွေ့စေရေးကိစ္စများ၊ နယ်စပ်ဂိတ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ နှစ်နိုင်ငံအကြားချုပ်ဆိုထားသောစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများနှင့်စပ်လျဉ်းသည့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနှင့် နှစ်နိုင်ငံကြား ပို့ကုန်တိုးမြှင့်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုအား ညနေ ( ၁၆ : ၃၀ )နာရီအချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။   

Latest News: 

အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Wed, 08/23/2023 - 07:33 -- competition
Myanmar

            အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၃ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. LolibethRamit-Medrano က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၇)ဦးတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်၏ နိဒါန်းနှင့် အပိုဒ်(၃)အခြေခံစည်းမျဉ်းများနှင့်အပိုဒ် (၄) ယှဉ်ပြိုင်မှုကိုဆန့်ကျင်သောဆောင်ရွက်မှုများကို ဟန့်တားသည့်စည်းမျဉ်းများတွင် ပါဝင်မည့် စာသားမူကြမ်းများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။     

          အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားယှဉ်ပြိုင်မှုဆိုင်ရာသတင်းအချက်အလက်များဖလှယ်မှုလွယ်ကူစေရေးအတွက် ဥပဒေဆိုင်ရာမူဘောင်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ်ကိုရေးဆွဲရခြင်းဖြစ်ပါသည်။

Latest News: 

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး တက်ရောက်ခြင်း

Tue, 08/15/2023 - 04:37 -- competition
Myanmar

         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်မှုအတွက် ညှိနှိုင်းမှုများစတင်ကြောင်း ကြေညာခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဒေသ အဆင့်မြှင့်တင်ရေးညှိနှိုင်းမှုများကို ၂၀၂၃ ခုနှစ်မှစတင်၍ အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။

         ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲအထူးကော်မတီအစည်းအဝေးတွင် အဆင့်မြှင့်တင်မှုအတွက် ဖွဲ့စည်းဆောင်ရွက်မည့်ပုံစံနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးခဲ့ပါသည်။

         အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများအတွက် လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ သဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းနှင့် စားသုံးသူကာကွယ်ရေးအခန်းတို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က ဆွေးနွေးလျက်ရှိပါသည်။

        အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး (3rd ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် ဒုတိယအကြိမ် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

Thu, 08/10/2023 - 03:04 -- competition
Myanmar

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တတိယအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် ဒုတိယအကြိမ် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ (2nd Caucus for 3rd ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဒုတိယအကြိမ် အာဆီယံတွင်းညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade