အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း

Thu, 12/14/2023 - 05:47 -- competition

          အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းရေးဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. Lolibeth Ramit-Medrano က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၂) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          အစည်းအဝေးတွင် မူဘောင်သဘောတူစာချုပ်တွင် ထည့်သွင်းမည့် ညှိနှိုင်းဆွေးနွေးခြင်း အပိုဒ်အတွက် စာသားမူကြမ်းအပေါ် ဆွေးနွေးခဲ့ကြ၍ အပိုဒ် (၅) “ယှဉ်ပြိုင်မှုမူဝါဒ ခံယူကျင့်သုံးမှု”နှင့် အပိုဒ်(၆) “စည်းရုံးလှုံ့ဆော်မှုအားကောင်းစေရေး” တို့တွင် ပြောင်းလဲပြင်ဆင်မည့် စာသားများအပေါ် အပြီးသတ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အပိုဒ် (၇) “ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစေရေး ဆောင်ရွက်ချက်များ” ကို စတင်ဆွေးနွေးခဲ့ကြပါသည်။

          အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်မှုလွယ်ကူစေရေးအတွက် ဥပဒေဆိုင်ရာမူဘောင်တစ်ခုအဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်းဖြစ်ပါသည်။