မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်း

Fri, 12/15/2023 - 23:05 -- ipICTdep

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅

   မူပိုင်ခွင့်ဦးစီးဌာနရှိ ဝန်ထမ်းများအား မူပိုင်ခွင့်ဘာသာရပ်အတွက် စွမ်းရည်ပြည့်ဝပြီး ဘာသာရပ်ဆိုင်ရာလုပ်ငန်းများကို ကောင်းမွန်လွယ်ကူစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲ”ကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

   မူပိုင်ခွင့်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲတွင် တင်ပြမှုစွမ်းရည်ပြိုင်ပွဲ(Presentation Skill)နှင့် မူပိုင်ခွင့်ဆိုင်ရာ စကားရည်လုပွဲ(IP Debate) စသည့် စွမ်းရည်(၂)မျိုးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ နှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များကို ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တင်ပြမှုစွမ်းရည်ပြိုင်ပွဲအတွက်ဌာနခွဲများမှပြိုင်ပွဲဝင် (၆)ဦးက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မူပိုင်ခွင့်ဆိုင်ရာစကားရည်လုပွဲ (IP Debate) ပြိုင်ပွဲအတွက် စီးပွားရေးဖွံဖြိုးတိုးတက်စေရန် စက်မှုပစ္စည်းမူပိုင်ခွင့်၏ အရေးပါမှု နှင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရန် စာပေနှင့်အနုပညာမူပိုင်ခွင့်၏ အရေးပါမှုခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင်မည့်အဖွဲ့နှစ်ဖွဲ့မှ ယှဉ်ပြိုင်ဆွေးနွေးခဲ့ကြပါသည်။

   ပြိုင်ပွဲဝင်များအတွက် စိစစ်အကဲဖြတ်အမှတ်ပေးခြင်းနှင့် ဆုရရှိသူများရွေးချယ်ခြင်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက စိစစ်အကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲအလိုက် ဆုများကို ရွေးချယ်ခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။