WTO ဆိုင်ရာနောက်ခံအကြောင်းအရာများ

Tue, 10/11/2022 - 09:49 -- admin
                                                                                                     

                                                                                                       Source: wto.org

၁။  ၁၉၄၇ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံတကာကုန်သွယ်မှုအဖွဲ့ (International Trade Organization - ITO) ကို ဖွဲ့စည်းထူထောင်ရန် နိုင်ငံပေါင်း (၅၀) မှ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ITO ကို မဖွဲ့စည်းနိုင်သော်လည်း ၄င်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ တွင် ၁၉၄၇ ခုနှစ်နှောင်းပိုင်း၌ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူညီ ချက် (General Agreement on Tariffs and Trade-GATT) ကို စာချုပ်ဝင်နိုင်ငံ (၂၃) နိုင်ငံက အတည်ပြုဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံသည် GATT ကို စတင်ဆွေးနွေးခဲ့သည့် နိုင်ငံ (၂၃) နိုင်ငံတွင် ပါဝင်ခဲ့ပါသည်။ GATT ၏ ရည်ရွယ်ချက်များမှာ ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်း ရေးဆွဲရန်နှင့် နိုင်ငံတကာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးကို ထိန်းကျောင်းပေးရန်ဖြစ်ပါသည်။ ၁၉၄၇-၁၉၉၄ ခုနှစ်အတွင်း GATT စာချုပ်ဝင်နိုင်ငံများသည် စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲ (၈) ကြိမ် ပြုလုပ်ခဲ့ပါသည်။ အစောဆုံး ညှိနှိုင်းဆွေးနွေးမှုများသည် ကုန်စည်တင်သွင်းမှုအပေါ် အကောက်ခွန် လျှော့ပေါ့နိုင်ရေးနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ခြင်းများကို ဖြေလျှော့ရေးနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ပါသည်။ နောက်ပိုင်းတွင် အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် စုပုံတင်သွင်းခြင်းကို ဆန့်ကျင်သော အစီအမံများ ပါဝင်လာခဲ့ပါသည်။ GATT ၏ နောက်ဆုံးညှိနှိုင်းဆွေးနွေးပွဲမှာ ဥရုဂွေးဆွေးနွေးပွဲ (Uruguay Round) ဖြစ်ပြီး ၁၉၈၆ ခုနှစ်မှ ၁၉၉၄  ခုနှစ် ထိ (၈) နှစ်ကြာမြင့်ခဲ့ပါသည်။          

၂။  GATT အဖွဲ့အနေဖြင့် ၁၉၄၇ ခုနှစ်မှ ၁၉၉၄ ခုနှစ် ကြားကာလအတွင်း ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲ (၈) ကြိမ်ကျင်းပခဲ့ပါသည်-

ကာလ

နေရာ

အမည်

တက်ရောက်သည့်နိုင်ငံ အရေအတွက်

၁၉၄၇

ဆွစ်ဇာလန်

Geneva Round

၂၃

၁၉၄၉

ပြင်သစ်

Annecy Round

၁၃

၁၉၅၁

ပြင်သစ်

Torquay Round

၃၈

၁၉၅၆

ဆွစ်ဇာလန်

Geneva Round

၂၆

၁၉၆၀ - ၁၉၆၁

ဆွစ်ဇာလန်

Dillion

၂၆

၁၉၆၄ - ၁၉၆၇

ဆွစ်ဇာလန်

Canady Round

၆၂

၁၉၇၃ - ၁၉၇၉

ဆွစ်ဇာလန်

Tokyo Round

၁၀၂

၁၉၈၆ - ၁၉၉၄

ဆွစ်ဇာလန်

Uruguay Round

၁၂၃

 

အပိုင်း () ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဖြစ်ပေါ်လာပုံနှင့် ယင်း၏ အရေးပါမှု                   

၃။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုန်စည်အပြင် ဝန်ဆောင်မှုပါ ပါဝင်လာခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း     မြင့်မားလာရေးအတွက် ကုန်သွယ်မှုဖြေလျှော့ပေးရေး ဆိုင်ရာ စည်းမျဉ်းများချမှတ်သည့် အဖွဲ့အစည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် GATT တွင် ပါဝင်ခဲ့ သည့် Originated Member အဖြစ် ၁၉၉၅ ခုနှစ်မှစတင်၍ WTO အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။ လက်ရှိတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ပေါင်း (၁၆၄) နိုင်ငံနှင့် လေ့လာသူအဖြစ် (၂၃) နိုင်ငံရှိပြီး (၂၉-၇-၂၀၁၆) ရက်နေ့တွင် ဝင်ရောက်ခဲ့သော အာဖကန်နစ္စတန်နိုင်ငံမှာ နောက်ဆုံးအဖွဲ့ဝင်ဖြစ် လာခဲ့ပါသည်။

၄။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဝန်ကြီးများအဆင့်ညီလာခံ၊ အထွေထွေကောင်စီ၊ ကော်မတီများနှင့်ကုန်သွယ်မှုကဏ္ဍအလိုက် ကောင်စီများဟူ၍ အဆင့် (၄) ဆင့်ဖြင့်ဖွဲ့စည်းထားပါသည်။ ဝန်ကြီးအဆင့်ညီလာခံမှာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပကာ နိုင်ငံစုံကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်များကို ချမှတ်ပါသည်။

၅။  ဝန်ကြီးများအဆင့်ညီလာခံ မကျင်းပမီကာလအတွင်း နေ့စဉ်လုပ်ငန်းများကို အထွေထွေကောင်စီမှ ညှိနှိုင်းဆောင်ရွက်ပါသည်။ အထွေထွေကောင်စီ၊ အငြင်းပွားမှုပြဿနာဖြေရှင်းရေးအဖွဲ့၊ ကုန်သွယ်မှုမူဝါဒများ ပြန်လည်သုံးသပ်ရေးအဖွဲ့တို့မှာ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့တွင် အဓိကဦးဆောင်နေသည့်အဖွဲ့အစည်းများဖြစ်ပါသည်။ အထွေထွေကောင်စီသို့ ကုန်သွယ်မှုကဏ္ဍ အမျိုးအစားအလိုက် ဖွဲ့စည်းထားသောကောင်စီများက တူညီချက်အလိုက်အကောင်အထည်ဖော်မှုကို တင်ပြကြရပါသည်။ အဆိုပါကောင်စီများမှာ ကုန်စည်ကုန်သွယ်မှုဆိုင်ရာကောင်စီ၊ ဝန်ဆောင်မှုကုန်သွယ်မှုဆိုင်ရာကောင်စီ၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သော အသိဉာဏ်ပညာဆိုင်ရာ မူပိုင်ခွင့်ကောင်စီ တို့ဖြစ်ကြပါသည်။

၆။  ထို့ပြင် အထွေထွေကောင်စီနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရသော အခြားကော်မတီများမှာ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုး တိုးတက်မှုကော်မတီ၊ ကုန်သွယ်မှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာကော်မတီ၊ ဒေသတွင်းကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ ကော်မတီ၊ Balance of Payment ကော်မတီ၊ ဘဏ္ဍာရေးနှင့်စီမံရေးကော်မတီ၊ ကုန်သွယ်မှုညှိနှိုင်း ဆွေးနွေးရေးကော်မတီတို့ ဖြစ်ပါသည်။

၇။  ကုန်စည်ကုန်သွယ်မှုဆိုင်ရာကောင်စီ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာကောင်စီတို့အောက်တွင်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကော်မတီများဖြင့်ဖွဲ့စည်းထားပါသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အယူခံအဖွဲ့၊ အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိအဖွဲ့၊ အထည်အလိပ်ကဏ္ဍ စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ နိုင်ငံအများစုပါဝင်သောကော်မတီများမှလွဲ၍ များပြား လှသောကောင်စီများ၊ ကော်မတီများတွင် ပါဝင်ရမည်ဖြစ်ပါသည်။

၈။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှပါဝင်ဆောင်ရွက်ရသောကြောင့် ဆုံးဖြတ်ချက်များကိုတူညီဆန္ဒ (Consensus) ဖြင့်သာဆုံးဖြတ်ပါသည်။ တူညီဆန္ဒမရရှိမှသာမဲစနစ်ဖြင့်ဆုံးဖြတ်ပါသည်။ ယင်းသို့ဆုံးဖြတ်ရာ တွင် အဖွဲ့ဝင်နိုင်ငံအများစုမှထောက်ခံရန် လိုအပ်ပါသည်။ တစ်နိုင်ငံလျှင် မဲပေးခွင့်တစ်ခုသာရှိပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ညှိနှိုင်းဆွေးနွေးမှုများမှရရှိသော သဘောတူညီချက်များကိုသာ လိုက်ပါဆောင်ရွက်ရခြင်းဖြစ်ပါ သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကျင်းပခဲ့သည့် ဝန်ကြီးများအဆင့်ညီလာခံများ

၉။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ၁၉၉၆ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးများအဆင့် ညီလာခံ စုစုပေါင်း (၁၂) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ၎င်းတို့မှာ-

  • ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၁၃ ရက်နေ့အထိ စင်ကာပူဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း
  • ၁၉၉၈ ခုနှစ်၊ မေလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ဂျီနီဗာဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း
  • ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဆီယက်တယ် ဝန်ကြီးများအဆင့်ညီလာခံကိုလည်းကောင်း
  • ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ဒိုဟာဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း
  • ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ   ကန်ကူးဝန်ကြီးများ အဆင့်ညီလာခံကိုလည်းကောင်း
  • ၂၀၀၅ ခုနှစ်၊   ဒီဇင်ဘာလ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ဟောင်ကောင်ဝန်ကြီးများ အဆင့်ညီလာခံကိုလည်းကောင်း
  • ၂၀၀၉ ခုနှစ်၊   နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ဂျီနီဗာဝန်ကြီး များအဆင့်ညီလာခံကိုလည်းကောင်း
  • ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ဂျီနီဗာဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း
  • ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ ဘာလီဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ရိုဘီဝန်ကြီးများအဆင့် ညီလာခံကိုလည်းကောင်း
  • ၂၀၁၇ ခုနှစ်၊   ဒီဇင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ဗျူနိုအေးရီးဝန်ကြီးများ အဆင့်ညီလာခံကိုလည်းကောင်း
  • ၂၀၂၂ ခုနှစ်၊ဇွန်လ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ဂျီနီဗာဝန်ကြီးအဆင့် ညီလာခံကို လည်းကောင်း အသီးသီးကျင်းပခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  ကုန်သွယ်မှုတွင် ခွဲခြားဆက်ဆံမှုမရှိစေရေးအခြေခံမူ

၁၀။ ကုန်သွယ်မှုတွင် ခွဲခြားဆက်ဆံမှုမရှိစေရေးဟုဆိုရာ၌ အကောက်ခွန်နှုန်းထားများ ကောက်ခံရာတွင်လည်းကောင်း၊ အခြားသောအခွန်အခများ ကောက်ခံရာတွင်လည်းကောင်း၊ ပို့ကုန်/ သွင်းကုန်နှင့်ပတ်သက်၍ လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများ ချမှတ်ကျင့်သုံးရာတွင် လည်းကောင်း အဖွဲ့ဝင်နိုင်ငံအားလုံးအား တန်းတူရည်တူဆက်ဆံ၍ ချမှတ်ကျင့်သုံးခြင်း (Most-Favoured Nation – MFN) နှင့် ပြည်ပသွင်းကုန်နှင့် မိမိနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များအကြား ခွဲခြားခြင်းမရှိဘဲ ညီမျှစွာဆက်ဆံခြင်း (National Treatment – NT) ဟူသော စည်းမျဉ်း (၂) ရပ်ပေါ်တွင် အဓိကအားဖြင့် အခြေခံဆောင်ရွက်ပါသည်။ ယင်းအခြေခံစည်မျဉ်းများကို ချိုးဖောက် ပါက ကုန်သွယ်မှုတွင် ခွဲခြားဆက်ဆံခြင်းကိုဖြစ်ပေါ်စေသဖြင့် အဆိုပါ MFN နှင့် NT စည်းမျဉ်း များကို မလွဲမသွေ လိုက်နာကျင့်သုံးရန် တာဝန်ရှိပါသည်။

၁၁။  Most-Favoured Nation – MFN ဆိုသည့်အဓိပ္ပာယ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များအောက်တွင် အခြားသောနိုင်ငံများကို တူညီစွာဆက်ဆံခြင်းကိုဆိုလိုပြီး အခြားနိုင်ငံတစ်နိုင်ငံအား အခွင့်ထူးပေးပါက အခြားအဖွဲ့ဝင်နိုင်ငံများ အားလုံးကို  တူညီသောအခွင့်အရေး ပေးရမည်ဖြစ်ပါသည်။

၁၂။  National Treatment NT ဆိုသည့်အဓိပ္ပါယ်မှာ အခြားသော နိုင်ငံသားများကိုလည်း မိမိတို့နိုင်ငံသားကဲ့သို့ပင် တန်းတူဆက်ဆံခြင်းဆိုသည့်အဓိပ္ပါယ်ဖြစ်၊ အဆိုပါစည်းမျဉ်းအရ သွင်းကုန်နှင့် ပြည်တွင်းထုတ်ကုန်များကို ညီမျှစွာဆက်ဆံရမည်ဖြစ်ပြီး အနည်းဆုံးအနေနှင့် စျေးကွက်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားကုန်စည်များကိုလည်း တူညီစွာဆက်ဆံရ မည်ဖြစ်ပါသည်။ ကုန်ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှု သို့မဟုတ် ဉာဏပစ္စည်းမူပိုင်ခွင့် လျှောက်ထား ပြီးဖြစ်သည့် ပစ္စည်းတို့ စျေးကွက်တွင်းသို့ ဝင်ရောက်ပြီးသည့်အခါမှသာလျှင် National Treatment အား အသုံးပြုနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း

၁၃။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏လုပ်ငန်းများတွင် အဖွဲ့ဝင်နိုင်ငံအနေဖြင့်သဘောတူညီခဲ့သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို လိုက်ပါအကောင်အထည်ဖော်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများကို လိုက်ပါဆွေးနွေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုပြဿနာများရှိပါ ကဖြေရှင်းဆောင်ရွက်ခြင်း၊ နိုင်ငံအလိုက်အမျိုးသားကုန်သွယ်မှုဆိုင်ရာမူဝါဒများကို ဆန်းစစ်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာဆိုင်ရာအကူအညီနှင့်သင်တန်းများ ရရှိအောင် ဆောင်ရွက်ခြင်းနှင့်အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုအပ်သလိုပူးပေါင်းဆောင်ရွက်ခြင်း တို့ကိုအတူတကွဆောင်ရွက်ရမည်ဖြစ်ပါသည်။

၁၄။  ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံမူများဖြစ်သည့် ကုန်သွယ်မှုတွင်ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ ညှိနှိုင်းဆွေးနွေးမှုများဖြင့် လွတ်လပ်စွာကုန်သွယ်မှုကိုဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ မျှတစွာယှဉ်ပြိုင်မှုကိုအားပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အားပေးရေးတို့ကိုလိုက်နာကျင့်သုံးကြရမည်ဖြစ်ပါသည်။

၁၅။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကုန်သွယ်မှု ဆိုင်ရာစည်းမျဉ်းများချမှတ်ရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများကို ကြိုတင်မှန်းဆနိုင်ရေး၊ ပိုမိုလွတ်လပ်သော ကုန်သွယ်မှုအဖြစ် ဖော်ဆောင်ရေး၊ ကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများသည် ပွင့်လင်းမြင်သာမှုရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။