ဆောင်းမြေပဲများထွက်ပေါ်နေပြီး တောင်သူများအကျိုးအမြတ်ပိုမိုရရှိ

Wed, 03/06/2024 - 04:04 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ဆိက္ခဝအုပ်စုအတွင်းရှိ ကျေးရွာများတွင် ငရုတ်၊ ကြက်သွန်နီ၊ မြေပဲ၊ ပဲနီပြား၊ ပဲဇီးကွက်သီးနှံများကို မြေနုကျွန်းများပေါ်တွင် စိုက်ပျိုးကြပြီး အဓိကသီးနှံအဖြစ် ငရုတ်နှင့် မြေပဲကို စိုက်ပျိုးကြကြောင်း၊ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို ဒေသခံတောင်သူများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ ဆိက္ခဝအုပ်စုတွင် မြေပဲသီးနှံစိုက်ဧက ၅၀ ခန့်ကို နှစ်စဉ်စိုက်ပျိုးကြရာ ပြည်ပနိုင်ငံများမှ မြေပဲဆန် ဝယ်လိုအား မြင့်တက်လာသည့်အတွက် ဈေးကွက်ခိုင်မာမှုရှိသော မြေပဲသီးနှံကို ယခုနှစ်တွင်စိုက်ဧက ၁၀၀ အထိ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြ ကြောင်း သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် မြေပဲသီးနှံကို အောက်တိုဘာလကုန်တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးသည့်မျိုးအနေဖြင့် ဆီထွက်သီးနှံမြေပဲ လုံးဆန်(သေး) အဖြူနှင့် မြေပဲလုံးဆန်(ကြီး)အနီမျိုးများကို စိုက်ပျိုးကြ၍ လုံးဆန်(သေး)အဖြူမျိုးကို အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်မြေပဲစိုက်ပျိုးချိန်တွင် တန်ဆောင်မုန်းမိုးရွာသွန်းခြင်းကြောင့် မြေပဲ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင်မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်းကျပ် ၇၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တင်း ၄၀ မှ ၆၀ အထိ ထွက်ရှိရာတောင်သူများအနေဖြင့် ထွက်ရှိသောမြေပဲများကို မြေပဲဆန်ပြုလုပ်၍ ရောင်း ချမှုရှိသော်လည်း တောင်သူအများစုမှာ ဆီကြိတ်ခွဲ၍ မြေပဲဆီစားသုံးမှုများပြားပြီး ပိုလျှံသော မြေပဲ ဆန်များကိုသာ ရောင်းချကြကြောင်း သိရသည်။

   မြေပဲတစ်တင်းလျှင် ၄ ပြည်နှင့် ၄ ဗူးခန့်ထွက်ရှိ၍ မြေပဲတင်း ၅၀ ဖြင့် တွက်ချက်ပါက မြေပဲ ဆန် ၂၂၅ ပြည်ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန်တွင် မြေပဲဆန်တစ်ပြည်လျှင် ကျပ် ၆,၄၀၀ ဖြင့် ဒေသပေါက်ဈေးရှိရာ ဝင်ငွေအနေဖြင့်ကျပ် ၁,၄၄၀,၀၀၀ ခန့်ရရှိပြီး အကျိုး အမြတ်မှာကျပ် ၇၄၀,၀၀၀ ခန့်ရရှိကြောင်း သိရသည်။ ယခုနှစ် မြေပဲသီးနှံပေါ်ချိန်တွင် မြေပဲ ဈေးကွက်ကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်ခြင်းကြောင့် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

DOCA (မကွေး)

Local Trade News

Pages