တာ့ခ်မင်နစ္စတန်နိုင်ငံ၏ နိုင်ငံသားဝတ်စုံအား ဆိုရှယ်အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ရောင်းချခြင်းအပေါ် အားပေးသူ ပိုမိုများပြားလာခြင်း

Fri, 03/31/2023 - 02:53 -- wtodep

နိုင်ငံတကာကုန်သွယ်ရေးစင်တာ (International Trade Centre-ITC) ၏ Ready 4 Trade စီမံကိန်းမှ ခေတ်သစ်နှင့် ရှေးရိုးရာတို့အား ပေါင်းစပ်ကာ ရာစုနှစ်များစွာသက်တမ်းရှိသော နည်းစနစ်များကို အသုံးပြုပြီး ခေတ်မီအဝတ်အစားများကို ဖန်တီးသည့် တာ့ခ်မင်ဒီဇိုင်နာ လူငယ်အမျိုးသမီးကို အထောက်အပံ့ပေးလျက်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ website တွင် ထုတ်ပြန်ခဲ့ပါသည်။

တာ့ခ်မင်နစ္စတန်နိုင်ငံ၏ ဒီဇိုင်နာဖြစ်သူ Jennet Agayeva က ရှေးဟောင်းတာ့ခ်မင်ရိုးရာ ပုံစံများကို ပြန်လည်ဆန်းသစ်ရန် ရည်မှန်းဖန်တီးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာ့ခ်မင်ရိုးရာ အမျိုးသမီးပွဲတက်ဝတ်စုံများ၊ ဂါဝန်များနှင့် ခေါင်းပေါင်းများကို ဆက်လက်လေ့လာနေကြောင်း၊ ယနေ့ခေတ်၀တ်စုံများနှင့် သိပ္ပံပညာရှင်များမှ ပြန်လည်ဖော်ထုတ်ထားသော တိမ်မြုပ်နေသည့် အလှဆင်ပစ္စည်းများ၏ ရာဇဝင်ကို လေ့လာလျက်ရှိကြောင်း၊ တာ့ခ်မင်နစ္စတန်နိုင်ငံ၏ သမိုင်းဝင်နေရာများကို သွားရောက်ခြင်း၊ ရှေးဟောင်းသုတေသနပညာရှင်များနှင့် အနုပညာဆိုင်ရာ သမိုင်းပညာရှင်တို့ကို တွေ့ဆုံခြင်းများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

တာ့ခ်မင်ဝတ်စုံများမှ တာ့ခ်မင်လူမျိုးတို့၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ တစ်မူထူးခြားသည့် ယဉ်ကျေးမှုကို ထုတ်ဖော်ပြသလျက်ရှိပါသည်။ ၎င်းလူမျိုးတို့၏ မူလယဉ်ကျေးမှုနှင့် အသွင်အပြင်ကို ကိုယ်စားပြုသည့် အတောက်ပဆုံး အဝတ်အစားများကို နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။ ဒေသအလိုက် လက်မှုပညာရှင်များထံမှ ဒီဇိုင်းများနှင့် ပုံစံများကို ရရှိပါသည်။ ဒေသခံအမျိုးသမီးများသည် တာ့ခ်မင်စတိုင်အပ်ချုပ်ခြင်း၊ စက်ချုပ်ခြင်းနှင့် ပန်းထိုးခြင်းတို့ကို ရှေးအစဉ်အလာကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ပါသည်။ တာ့ခ်မင်မိန်းကလေးငယ်များသည် ငယ်စဉ်ကတည်းက ပန်းထိုးခြင်းနှင့် အပ်ချုပ်ခြင်းဆိုင်ရာ အနုစိတ်သည့် အတတ်ပညာတို့ကို သင်ယူကြရပါသည်။ တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကွဲပြားသည့်အမျိုးသမီးအဝတ်အစားပုံစံများကို ရာစုနှစ်တစ်လျှောက် ဆက်လက်ထိန်းသိမ်းထားသည်။ ယနေ့ခေတ်တွင် တာ့ခ်မင်နစ္စတန်ဝတ်စုံသည် ပြန်လည်ခေတ်စားလာ၍ နိုင်ငံတွင်းရှိ အမျိုးသမီး အများစုသည် တောက်ပသော ရောင်စုံရိုးရာအဝတ်အစားများကို ဝတ်ဆင်လာကြသည်။

ဒီဇိုင်နာ Jennet မှ တာ့ခ်မင်နစ္စတန်ပြည်သူများ၊ အလုပ်သမားများနှင့် စစ်သည်တော်များ၏ စိတ်ဓာတ်ကို ဝတ်စုံဒီဇိုင်း၊ ကောက်ကြောင်းများ၊ အထည်အသွင်အပြင်နှင့် လက်မှုပန်းထိုးပြုလုပ်ခြင်းမှတစ်ဆင့် အဝတ်အထည်အသစ်အဆန်းများတွင် ပြသနိုင်ရေး ကြိုးစားနေကြောင်း၊ အလှဆင်ပစ္စည်းများ၏ ပုံစံနမူနာ ဖန်တီးရာတွင် ထောင်စုနှစ်များ၏ သမိုင်းကြောင်းများကို ယနေ့ခေတ် ပန်းထိုးပုံစံများနှင့်အတူ ပြန်လည်ချိတ်ဆက်နိုင်ရေးအတွက် ထည့်သွင်းရက်လုပ်ကြောင်း၊ ဝယ်နေကျဖောက်သည်များမှ စိတ်ကျေနပ်မှုရရှိစေသည့် အဝတ်အထည်အသစ်အဆန်းများကို တာ့ခ်မင်နစ္စတန်လက်မှုပညာရှင်များ၏ လက်ရာဖြင့် ဖန်တီးပြုလုပ်ကြောင်း၊ ၀တ်စုံတစ်စုံ ပြီးမြောက်နိုင်ရေးအတွက် လက်မှုပညာရှင် ၁၂ ဦးမှ တစ်ပတ်ခန့် အချိန်ယူ၍ ဖန်တီးပြုလုပ် ရကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ITC မှ EU ၏ အထောက်အပံ့ဖြင့် Ready4Trade စီမံကိန်းမှတစ်ဆင့် ဒီဇိုင်နာ Jennet ၏ အမှတ်တံဆိပ်ကို အားကောင်းစေရန်နှင့် နောင်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လမ်းညွှန်မှုများပြုလုပ်၍ ကူညီပေးခဲ့ကြောင်း၊ ထို့ပြင် စီမံကိန်း၏ ပံ့ပိုးကူညီမှုဖြင့် e-commerce နှင့် ဒီဂျစ်တယ်စျေးကွက် ရှာဖွေခြင်း၏အရေးပါမှုကို နားလည်စေ၍ Jennet အမှတ်တံဆိပ်ကို အွန်လိုင်းအသုံးပြု၍ စျေးကွက်စတင်မြှင့်တင်ခဲ့ကြောင်း၊ Instagram မှတစ်ဆင့် စုစည်းမှုနှင့် အဝတ်အထည်အသစ်များကို စတင်တင်ခဲ့ပြီး ၎င်းမှတစ်ဆင့် အကြံပြုချက်များကို လက်ခံရရှိပြီး ဖောက်သည်များနှင့် ထိတွေ့မှုရှိရန် အလွန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။

Ready4Trade Central Asia စီမံကိန်းကို ဥရောပသမဂ္ဂနှင့် နိုင်ငံတကာကုန်သွယ်ရေးစင်တာတို့မှ ပူးတွဲအကောင်အထည် ဖော်ဆောင်ရွက်ပါသည်။ ၎င်းစီမံကိန်းကို ဒေသတွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ရေရှည်တည်တံ့၍ အားလုံးပါဝင် နိုင်သော အာရှတိုက်အလယ်ပိုင်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယင်းစီမံကိန်း၏ အကျိုးခံစားသူများမှာ အစိုးရဌာနများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အမျိုးသမီး ဦးဆောင်သော လုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ ပံ့ပိုးကူညီမှုအဖွဲ့အစည်းများ ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင်လည်း သတင်းအချက်အလက်နည်းပညာများအား အရှိန်အဟုန်ဖြင့် တိုးတက်အသုံးပြုလာကြသည်နှင့်အမျှ အွန်လိုင်း အသုံးပြု၍ ဆိုရှယ်အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ တိုးတက်လျက်ရှိပါသည်။ တာ့ခ်မင်နစ္စတန်နိုင်ငံမှ ဆိုရှယ်အွန်လိုင်း စာမျက်နှာမှတစ်ဆင့် ရိုးရာယဉ်ကျေးမှုများနှင့်ပေါင်းစပ်၍ နိုင်ငံသားဝတ်စုံများ ရောင်းချနေသကဲ့သို့ ရိုးရာယဉ်ကျေးမှုပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် အွန်လိုင်းစီးပွားရေးဆောင်ရွက်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သော ရောင်းကုန်များကို ဆိုရှယ်အွန်လိုင်းများမှတစ်ဆင့် ရောင်းချနိုင်သည့် အခွင့်အလမ်းများစွာရှိကြောင်း တွေ့ရှိရပါသည်။

Source: International Trade Centre

International Trade News

Pages