ပြည်တွင်းဈေးကွက်သတင်းများ

၂၀၁၂ခုနှစ်၊ မတ်လအတွင်း မတ်ပဲတင်ပို့မှုသည် ယခင်လထက်ပိုမိုခဲ့ပြီး ၂၀၁၁ခုနှစ်၊ မတ်လတင်ပို့မှုထက်လည်း ပိုမိုတင်ပို့နိုင်ခဲ့သည်။၂၀၁၂ခုနှစ်၊မတ်လအတွင်း တန်ချိန်၄၈၀၀၀ကျော်ရှိပြီး ဖေဖော်ဝါရီလတွင် တန်ချိန်၃၅၀၀၀ခန့် တင်ပို့နိုင်ခဲ့သည်။ ၂၀၁၁ခုနှစ်၊ မတ်လအတွင်းတွင် တန်ချိန်၃၁၀၀၀ကျော်သာ တင်ပို့နိုင်ခဲ့သည့်အတွက် ကာလတူတန်ချိန် ၁၇၀၀၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ မတ်လ နောက်ဆုံးပတ်တွင် လည်း မတ်ပဲတန်ချိန် ၁၀၀၀၀ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။

၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ် တစ်ခုလုံးတွင် မတ်ပဲပြည်ပတင်ပို့မှု စုစုပေါင်းတန်ချိန် ၆၀၀၀၀၀ ထိ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၇၃ သန်းနီးပါး ရရှိခဲ့ပါသည်။ ယခင် ဘဏ္ဍာနှစ် တစ်နှစ်လုံးအနေဖြင့် မတ်ပဲတန်ချိန် ၄၆၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ခြင်းမှ အမေ ရိကန်ဒေါ်လာ ၄၅၈ သန်းကျော်ရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ပမာဏအားဖြင့် တန်ချိန် ၁၀၀၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ယခုဘဏ္ဍာနှစ်တွင် ရောင်းဈေးလျော့ကျမှု ကြောင့် ရရှိသည့်ဝင်ငွေပမာဏကွာဟမှု နည်းသည်ကို တွေ့ရှိရပါသည်။

ပဲလွန်းဖြူ ပုံမှန် တင်ပို့

ယခုတစ်ပတ် ပဲလွန်းဖြူတင်ပို့မှု ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း ပုံမှန် ရှိနေ ကြောင်းသိရပါသည်။ ယခုတစ်ပတ် (မတ်၁၉-၂၃) အတွင်း ပဲလွန်းဖြူ တန်ချိန် ၁၉၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ်တင်ပို့ခဲ့သော တန်ချိန် ၂၇၀၀ ထက်လျော့ကျခဲ့ သော်လည်း ပုံမှန်ပမာဏတင်ပို့နိုင်ကြောင်းတွေ့ရပါသည်။ ယခုတစ်ပတ်တင်ပို့ သည့် နိုင်ငံများ မှာထိုင်း၊ ကိုးရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နဲ့ ပါကစ္စတန် တို့ကိုတင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခုဘဏ္ဍာနှစ် မတ်လ ၂၃ ရက်အထိ ပဲလွန်းဖြူတင်ပို့မှုမှာ တန်ချိန် ၃၃၆၀၀ ကျော်ရှိပြီး ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၂၉ သန်းနီးပါး ရရှိထားကြောင်း သိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၆၀၀၀ ကျော်မှ ကန်ဒေါ်လာ ၂၂သန်းကျော် ရရှိ ထားလို့ ယခုနှစ်မှာ တန်ချိန် တစ်သောင်းနီးပါး ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ သည်။

ရန်ကုန် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က ပဲလွန်းဖြူတန်ချိန် ၃၈၀၀ ခန့်အထိ အရောင်းအဝယ်ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (မတ်လ ၂၃ - ၃၀ ရက်) အတွင်း တန်ချိန် ၁၈၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ မတ်လ ၃၀ ရက် ရန်ကုန် FOB ဈေးအနေနဲ့ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀ - ၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀ - ၈၁၀ ရှိကြောင်း သိရပါသည်။

ပဲစင်းငုံတင်ပို့မှု ယခင်တစ်ပတ်ထက်ပိုမိုလာ

ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတင်ပို့မှု ယခင်တစ်ပတ်ထက် ပိုမိုလာပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၆၀၀၀ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်)အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တိုးတက်တင်ပို့လာနိုင် ခဲ့ပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ရဲ့ မတ်လ ၂၃ ရက်နေ့အထိ ပြည်ပကို ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၁၈သန်း နီးပါးရှိတယ်လို့ သက်ဆိုင်ရာ စာရင်းများအရ သိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူ တန်ချိန် ၁၄၀၀၀၀ နီးပါးနဲ့ တင်ငွေမှာ ကန်ဒေါ်လာ ၁၁၆ သန်းသာ ရှိလို့ ယခုနှစ် ကာလတူမှာ ယခင်နှစ်ထက် တစ်ဆကျော် ပမာဏအားဖြင့် တန်ချိန် ၁၇၅၀၀၀ ခန့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါသည်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့ မှု ဆက်လက် ကောင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

မတ်ပဲပြည်ပတင်ပို့မှု ယခင်သီတင်းပတ်များထက်ပိုမို တင်ပို့

ပြည်ပကို ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုတွင် ယခင်သီတင်းပတ်များ ထက်ပိုမိုတင်ပို့နိုင်ကြောင်းတွေ့ရပါသည်။ ယခင်သီတင်းပတ် မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော် တင်ပို့မှုရှိခဲ့ပြီး ယခု (မတ်လ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀၀ နီးပါးထိ တင်ပို့နိုင်ခဲ့ပါသည်။ ယခုဘဏ္ဍာနှစ် ၂၀၁၁ -၂၀၁၂ မတ်လ ၂၃ ရက်အထိ စုစုပေါင်း မတ်ပဲတင်ပို့ပြီးစီးမှုမှာ တန်ချိန် ၅၉၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၄၆၇ သန်းခန့် ရရှိထားကြောင်းသိရပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူတွင် မတ်ပဲစုစုပေါင်း တန်ချိန် ၄၅၇၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၅၁ သန်းကျော်ရှိခဲ့၍ ယခုနှစ်ကာလတူတွင် ပမာဏအားဖြင့် တန်ချိန် တစ်သိန်းခွဲနီးပါး ပိုမို့တင်ပို့နိုင် သော်လည်း ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၁၆ သန်းခန့်သာ ပိုမိုကြောင်းတွေ့ရပါသည်။ ဧပြီလ ပိတ်ရက် များကြောင့် တင်ပို့မှုနည်း၍ ကုန်သည်များမှ ယခုလအတွင်း အများဆုံး တင်ပို့နိုင်ရန်ဆောင်ရွက်သောကြောင့် လာမယ့်သီတင်းပတ်တွင်လည်း တင်ပို့မှု များနိုင်ကြောင်း ခန့်မှန်းရပါသည်။

မူဆယ် ၁၀၅မိုင်မှ ကန်ဒေါ်လာ ဝ.၃၄သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၁၆၅ တန် ကျော်ကို မတ်လ၁၄ရက် မှ ၂၀ရက်ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် နှစ်ဆကျော် ၉၁ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ