လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့အကြား အမြန်လမ်းမ အပါအဝင် အလားအလာရှိသောကဏ္ဍများ၌ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်ရန် ကြိုးပမ်း

Wed, 02/28/2024 - 03:53 -- wtodep

လာအို စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaythong Kommasith ၏ ဖိတ်ကြားချက်အရ  ရောက်ရှိနေသည့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Wang Hao က လာအိုမြို့တော်ဗီယန် ကျန်းနှင့် တရုတ်နယ်စပ်ကိုဆက်သွယ်သည့် အမြန်လမ်းအပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဆက်လက်ကူညီပံ့ပိုးပေးပါရန် လာအိုနိုင်ငံခေါင်းဆောင်များနှင့်သက်ဆိုင်ရာကဏ္ဍများ ကို တိုက်တွန်းခဲ့ပါသည်။

Mr Wang က ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် ပထမအဆင့်အနေဖြင့် ဖွင့်လှစ်ခဲ့သည့် ဗန်ဗီယန်နှင့် ဗီယန်ကျန်းကို ဆက်သွယ်ပေးသည့် အမြန်လမ်းကို ဒုတိယအဆင့်တွင် ဗန်ဗီယန်မှ မြောက်ဘက် တရုတ်နယ်စပ်အထိ ဆက်လက်တိုးချဲ့နေကြောင်း ပြောကြားခဲ့သည်ဟု ဗီယန်ကျန်းမိုင်သတင်း တွင် ဖော်ပြထားပါ သည်။

လာအိုဝန်ကြီး Mr. Malaythong က လာအိုနိုင်ငံ၏ E-commerce ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရာတွင် ကူညီဆောင်ရွက်ပေးရန်၊ လှည့်လည်စီးဆင်းမှုစီးပွား ရေး (Circular Economy)ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ အကူအညီပေးရန်၊ လာအို-ယူနန် နယ်စပ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး Master Plan ရေးဆွဲရာတွင် ကူညီပေးရန်၊ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ ပို့ကုန်သွင်းကုန်နှင့် ဝင်ငွေကိစ္စများ၊ ပေါင်းစပ်ညှိနှိုင်းရေးကိစ္စရပ်များအတွက် လာအို နိုင်ငံမှ တာဝန်ရှိသူများ ယူနန်သို့ လာရောက်လေ့လာနိုင်ရေးကူညီပေးရန်၊ လာအိုနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအား တရုတ်ဈေးကွက် ဝင်ရောက်နိုင်ရေး ကူညီပေးရန်၊ E-commerce ပလက်ဖောင်းများ၊ သယ်ယူဖြန့်ဖြူးပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစည်းမျဉ်းများနှင့် ဥပဒေများဖလှယ်ရေး စသည့်ကိစ္စရပ်များကို ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် လာအို-ယူနန် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်ထက် ၃၃.၇ % တိုးတက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကို သိသိသာသာ အားကောင်းလာစေခဲ့သည့် လာအို-တရုတ် မီးရထားလမ်း၏ အရေးပါမှုကို ချီးကျူးခဲ့ကြကြောင်း၊ လက်ရှိအချိန်အထိ ယူနန်ပြည်နယ်မှ ကုမ္ပဏီ ၂၉၇ ခုသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၂၄ ဘီလီယံဖြင့် လာအိုနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားပါသည်။

နှစ်နိုင်ငံအကြား အောင်မြင်ခဲ့သည့် အကြီးစားစီမံကိန်းများတွင် Boten-Mohan နယ်စပ်စီးပွားရေး ဇုန်၊ ဗီယန်ကျန်း-ဗန်ဗီယန် အမြန်လမ်းနှင့် ဗီယန်ကျန်း-Saysettha ဖွံ့ဖြိုးရေးဇုန်တို့ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် လာအိုနိုင်ငံအတွက် ပို့ကုန်အခွင့်အရေးများ၊ ကိုတာများ၊ လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားအကူအညီများ ပံ့ပိုးကူညီခဲ့ကြောင်း Mr. Malaythong က ဆိုသည်။

ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr Wang က လာမည့်နှစ်များအတွင်း လာအိုနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုမြှင့်တင်ရန်၊ တရုတ်နိုင်ငံသို့ ကျွဲနွားတင်ပို့မှုအပါအဝင် Boten-Mohan နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု အဆင့်မြှင့် တင်ရေးတို့ကို ဆောင်ရွက်သွားရန် အကြံပြုခဲ့ပါ သည်။

Source : www.nationthailand.com

International Trade News

Pages