အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့အား ယခုနှစ်အတွင်း တိုးတက်မှုအမြန်ဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံများအဖြစ် ကမ္ဘာ့ဘဏ်ခန့်မှန်း

Wed, 04/10/2024 - 04:20 -- wtodep

ယခုနှစ်အတွင်း ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်တို့၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၅.၈ % ထိတိုးတက်နိုင်သောကြောင့် အာဆီယံနိုင်ငံများအနက် တိုးတက်မှုအမြန်ဆုံးဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပါသည်။ ဗီယက်နမ်၏ တိုးတက်မှုသည် ၅.၅ % ဖြင့် အာဆီယံတွင် တတိယမြောက် အတိုးတက်ဆုံးနိုင်ငံဖြစ်မည်ဟုလည်း ခန့်မှန်းထားပါသည်။

ကျန်အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသည် ၄.၉ % ၊ မလေးရှာနိုင်ငံသည် ၄.၃ % ၊ လာအို နိုင်ငံသည် ၄.၀ % ၊ ထိုင်းနိုင်ငံသည် ၂.၈ % နှင့် မြန်မာနိုင်ငံသည် ၁.၆ % အသီးသီး တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံအများစု၌ တစ်ဦးကျ ထုတ်လုပ်မှုသည် ကိုဗစ်မတိုင်မီကာလထက် ကျော်လွန်ခဲ့သော်လည်း ပြန်လည်နလန်ထူမှုသည် ဒေသတွင်း၌ ညီမျှမှုမရှိကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။

တရုတ်နှင့် ဗီယက်နမ်တို့၌ တစ်ဦးကျထုတ်လုပ်မှုသည် ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်မတိုင်မီ တစ်ဦးကျထုတ်လုပ်မှုထက် ကျော်လွန်ခဲ့ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားတို့၏ တစ်ဦးကျ ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်ကုန်တွင်လည်းကောင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့၏ တစ်ဦးကျ ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်ကုန်တွင်လည်းကောင်း ကိုဗစ်ကာလမတိုင်မီ ထုတ်လုပ်မှုထက် ကျော်လွန်ခဲ့ပါသည်။

အာဆီယံဒေသတွင်း လူသုံးကုန်ဈေးနှုန်းများကျဆင်းနေမှုကြောင့် ရောင်းလိုအား အခက်အခဲများကို လွယ်ကူစေရန်နှင့် ပြည်တွင်း ဝယ်လိုအားကို လျှော့ချနေသည်ကို တွေ့ရှိရကြောင်း၊ သို့သော် လာအို၊ မြန်မာကဲ့သို့ နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုများ ဆက်လက်ရှိနေပြီး ဆန်ဈေးနှုန်းကြီးမြင့်ခြင်း၊ သွင်းကုန်ကို လွန်စွာမှီခိုနေရခြင်း၊ ငွေကြေးတန်ဖိုးချခြင်းများ ဆောင်ရွက်နေရကြောင်း၊ ထိုင်း၊တရုတ်၊ ကမ္ဘောဒီးယားတို့တွင် ငွေကြေးဖောင်းပွမှုမရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုထားပါသည်။

ဆက်လက်၍ ကမ္ဘာ့ဘဏ်က တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် အစပိုင်းကာလများကတည်းက လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့၏ တန်ဖိုးမြှင့်ထုတ်ကုန် တင်ပို့သည့် နေရာဖြစ်ခဲ့ကြောင်း၊ အမေရိကန်နှင့် အီးယူတို့သည် ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ကုန်သွယ်မှု မှတဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရှိကြောင်း၊ အဆိုပါနိုင်ငံများ၌ တိုးတက်မှုကျဆင်းခြင်းသည် ဝယ်လိုအားကို ထိခိုက်စေနိုင်ကြောင်း သုံးသပ်ထားပါသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍနှင့်စပ်လျဉ်း၍ တရုတ်နှင့်ဂျပန်တို့၌ ပြန်လည်နလန်ထမှု နှေးကွေးနေသဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်ရေးမှာ မျှော်မှန်းထားသည်ထက် နှောင့်နှေးမည်ဖြစ်ကြောင်း၊ လေယာဉ်ခကြီးမြင့်ခြင်းနှင့် ငွေလဲနှုန်းတန်ဖိုးလျော့ခြင်းတို့ကြောင့် ခရီးသွားစရိတ်မြင့်မားခြင်းကလည်း ဒေသတွင်း ခရီးသွားများ လျော့နည်းစေပြီး ကမ္ဘာလှည့် ခရီးသွားမှုစရိတ်များကို ထိခိုက်စေခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်ယွမ်နှင့်ဂျပန်ယန်းတို့က အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ရာတွင် တန်ဖိုးလျော့ကျခဲ့ခြင်းကြောင့် ပြင်ပကမ္ဘာလှည့် ခရီးသွားကုန်ကျစရိတ်များကို အကျိုးသက်ရောက် စေခဲ့ပါသည်။ ထို့ပြင်ကမ္ဘာလှည့် ခရီးသွားကဏ္ဍ၌ လုပ်သားရှားပါးခြင်းကလည်း ထိခိုက်စေကြောင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် ကျွမ်းကျင်ဝန်ထမ်းပိုင်းဖြစ်သည့် စားဖိုမှူးများ၊ အထက်တန်းအဆင့်မန်နေဂျာများ ရှားပါးနေသည်ဟု အစီရင်ခံတင်ပြထားကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါသည်။

Source: Khmer Times

International Trade News

Pages