အမေရိကန်နိုင်ငံ၏ လျှပ်စစ်သုံးယာဉ်အပေါ်ထောက်ပံ့မှုကို တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တိုင်ကြား ထားခြင်း

Mon, 04/08/2024 - 04:04 -- wtodep

အမေရိကန်၏ လျှပ်စစ်သုံးယာဉ်အပေါ် ထောက်ပံ့မှုကို တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တိုင်ကြားထားကြောင်းနှင့် အမေရိကန်၏ တောင်းဆိုချက်များသည် ခွဲခြားဆက်ဆံပြီး မျှတစွာယှဉ်ပြိုင်မှုကို အနှောက်အယှက်ဖြစ်စေသည်ဟု တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေအောက်မှ ထောက်ပံ့ခဲ့မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းများကို ချိုးဖောက်သဖြင့် တရုတ်နိုင်ငံမှဆန့်ကျင်ကြောင်း၊ ပေကျင်းအနေဖြင့် စွမ်းအင် အသစ်များ အသုံးပြုသည့် မော်တော်ယာဉ်များ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းအတွက် ကမ္ဘာတစ်ဝန်းတွင် တရားမျှတစွာယှဉ်ပြိုင်နိုင်မည့် ပတ်ဝန်းကျင်ကိုကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အုပ်ချုပ်ရေးယန္တရားတွင် အဓိကအစီအစဉ်တစ်ခုဖြစ်သည့် ငွေကြေးဖောင်းပွမှုလျှော့ချရေး အက်ဥပဒေအရ မြောက်အမေရိကတွင် တပ်ဆင်ထုတ်လုပ်ထားသော လျှပ်စစ်ကားများဝယ်ယူပါက အခွန်လျှော့ချပေးထားပြီး ၂၀၂၄ ခုနှစ်မှစတင်၍ ပြည်ပမှဝယ်ယူထားသည့် ဘက်ထရီအစိတ်အပိုင်းများ၊ ကုန်ကြမ်းပစ္စည်းများပါဝင်ပါက အခွင့်အရေးမရရှိကြောင်း၊ အဆိုပါစည်းမျဉ်းများသည် တရုတ်အခြေစိုက် အမေရိကန်ကုမ္ပဏီများ၏ လုပ်ငန်းခွဲများ၊ တရုတ်အစိုးရက အနည်းဆုံး ၂၅% ငွေကြေးပါဝင်သည့် အခြားနေရာများတွင် လုပ်ဆောင်နေသည့်စီးပွားရေးလုပ်ငန်းများ အကျုံးဝင်ပြီး အီရန်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့မှ မော်တော်ယာဉ်ထုတ်လုပ်သူများနှင့်လည်း သက်ဆိုင်ပါသည်။

Source: https://asia.nikkei.com/Economy

International Trade News

Pages