မသေချာမှုများနှင့် အကျပ်အတည်းပေါင်းစုံက စည်းမျဉ်းအခြေခံသည့် ကမ္ဘာလုံးဆိုင်ရာစနစ်ကို ထိခိုက်နေကြောင်း ဥရောပသမဂ္ဂကုန်သွယ်မှုကော်မရှင်ဥက္ကဌ ပြောကြား

Tue, 03/05/2024 - 04:00 -- wtodep

နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၇၅ % ခန့်အပေါ် စည်းမျဉ်းများဖြင့် ထိန်းချုပ်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သည် ညှိနှိုင်းဆွေးနွေးမှုရလဒ်များကို တူညီဆန္ဒဖြင့် သဘောတူညီရပါသည်။ သို့သော်အဆိုပါအလေ့အထသည် များပြားလာသော ဒေသဆိုင်ရာအုပ်စုများကြောင့် ကွဲပြားနေသောကမ္ဘာ့စီးပွားရေးအခြေအနေများအကြား သဘောတူညီချက်ရရှိရန် ပိုမိုခက်ခဲလာပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က ကမ္ဘာတလွှား စစ်ပွဲများ၊ တင်းမာမှုများ၊ ရွေးကောက်ပွဲများနှင့် ကုန်သွယ်မှုတိုးတက်နေသည်ဟု ခန့်မှန်းထားသော်လည်း အဖွဲ့အစည်းအား ထိခိုက်စေမည့် လက္ခဏာများကြောင့် ယခု ညီလာခံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ညီလာခံထက် ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ်က တက်ရောက်လာသော ဝန်ကြီးများအနေဖြင့် ညှိနှိုင်းမှုများအဆုံးသတ်စေရန် အပြင်းအထန်ဆွေးနွေး စေလိုကြောင်း ပြောကြားခဲ့သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စများကို ဖယ်ချန်ထားပုံရပြီး ရည်မှန်းထားသည့်ကိစ္စများတွင် အဆိုပါကိစ္စမပါဝင် ကြောင်း ၎င်းကပြောကြားခဲ့သည်ဟု The Business Standard သတင်းစာက ဖော်ပြထားသည်။

ညီလာခံသဘာပတိဖြစ်သူ ယူအေအီး နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး Thani Al Zeyoudi က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အရေးပေါ် အခြေအနေတွင် ရောက်ရှိနေပြီး စိန်ခေါ်မှုများစွာလည်း တွေ့ကြုံနေရကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အမြဲရှင်သန်နေပြီး ကောင်းမွန်စွာဖြင့် ကမ္ဘာတစ်လွှားရှိ လူအများအတွက် အရေးကြီးသည့် ရလဒ်များကို ဖော်ထုတ်နိုင်ကြောင်း တက်ရောက်လာသူများက ပြသရန်လိုအပ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

တက်ရောက်လာသည့် ကိုယ်စားလှယ်အချို့မှ အိန္ဒိယကုန်သွယ်ရေးဝန်ကြီးက လယ်ယာကဏ္ဍအပါအဝင် အဓိကပြဿနာ အချို့အပေါ် ဆုပ်ကိုင်ထားခြင်းအပေါ် စိုးရိမ်မှုများရှိကြောင်း သီးသန့်ပြောကြားခဲ့ ကြပါသည်။ (အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal က လက်ရှိတားမြစ်ထားသော လယ်ယာ ကဏ္ဍတွင် အထောက်အပံ့ပေးမှုများအား သက်သာခွင့်ပေးရန် တောင်းဆိုထားပါသည်။)

အချို့ညှိနှိုင်းဆွေးနွေးသူများက အစိုးရအထောက်အပံ့များကို တားမြစ်ခြင်းဖြင့် ကမ္ဘာ့ငါးသယံဇာတနှင့် ငါးဖမ်းလုပ်သားများအား အကာအကွယ်ပေးနိုင်သည့်  သဘောတူညီချက်အတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

ညီလာခံမှ ထွက်ပေါ်လာမည့် တိကျသောရလဒ်များမှာ ကော်မိုရို့စ်နှင့် တီမောလက်စ်နိုင်ငံများအား အဖွဲ့ဝင်အသစ်အဖြစ် လက်ခံခဲ့ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၀ ခန့်က သဘောတူညီထားသည့် ဖွံ့ဖြိုးမှုကိုတားမြစ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန် သဘောတူညီချက်တို့ဖြစ်ပါ သည်။

ပိုမိုခက်ခဲသောကဏ္ဍများမှာ ၂၅ နှစ်ကြာ ကျင့်သုံးခဲ့သော ဒီဂျစ်တယ်ကုန်သွယ်မှုတွင် အကောက်ခွန်ကောက်ခံမှုအား တားမြစ်ခြင်း (moratorium) ကို ဆက်လက်ကျင့်သုံးရန်ကိစ္စအပေါ် အိန္ဒိယနှင့် တောင်အာဖရိကတို့မှဆန့်ကျင်လျက်ရှိခြင်းနှင့် ညှိနှိုင်း ဆွေးနွေးသူများက ဆယ်စုနှစ်များစွာ ဆွေးနွေးခဲ့ရသည့် လယ်ယာစည်းမျဉ်းများဖြစ်ပါသည်။

အိုင်ယာလန်စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် အလုပ်အကိုင်ရှာဖွေရေးဝန်ကြီးဌာနဝန်ကြီး (Minister for Enterprise, Trade and Employment) Simon Conveney က ယခုညီလာခံသည် ပြီးခဲ့သည့် ၂ နှစ်အတွင်း တိုးတက်မှုများကို သင့်လျော်သလိုသာ စုစည်းနိုင်မည့် အခြေအနေဖြစ်ပြီး ကဏ္ဍအသစ်များ၊ ရလဒ်အသစ်များထွက်ပေါ်ရန် မမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Katherine Tai က ယခုညီလာခံမှ အနာဂတ်လမ်းကြောင်းကို အတူ တကွ ရေးဆွဲပုံဖော်နိုင်မည်ဖြစ်ပြီး အောင်မြင်မှုဆိုသည်မှာ သဘောတူညီမှု ရလဒ်အရေအတွက်အပေါ် မူတည်ခြင်းမရှိကြောင်းပြောကြားခဲ့သည်။ ၎င်း၏ ဝန်ကြီးဌာနက ညီလာခံတွင် အမေရိကန်အနေဖြင့် အဓိကဆွေးနွေးမည့်ကိစ္စများမှာ ပွင့်လင်းမြင်သာမှုကို ပြန်လည်အသက်ဝင်စေရေး၊ ယနေ့ခေတ် စိန်ခေါ်မှုများနှင့်အညီ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ပြန်လည်တည်ဆောက်ရေးနှင့် အငြင်းပွားမှုဖြေရှင်း ရေးတွင် ပြုပြင်ပြောင်းလဲရေး တို့ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

Katherine Tai သည် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao နှင့်လည်း တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ဈေးကွက်ကို ထိခိုက်နေသော တရုတ်၏ စတီးလ်ကို ပိုလျှံထုတ်လုပ်နေမှုနှင့် အစိုးရက ဦးဆောင် ပြီး ဈေးကွက်နှင့်မကိုက်ညီသည့် ကုန်သွယ်မှုမူဝါဒများကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်က ဂျီနီဗာတွင်ပြုလုပ်သောညီလာခံမှ ရလဒ်ထွက်ပေါ်မှုသည် ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala ၏ ညလုံးပေါက် အစည်းအဝေးများကြောင့်ဖြစ်သဖြင့် ယခုအကြိမ်အစည်းအဝေးတွင် အချိန်ပိုအစည်းအဝေးများအတွက် ပြင်ဆင်ထားရန် ဝန်ကြီးများအား Okonjo-Iweala က ကြိုတင်အသိပေး ထားပါသည်။

ဥရောပသမဂ္ဂကုန်သွယ်မှုကော်မရှင်နာ Valdis Dombrovskisက မသေချာမှုများနှင့် အကျပ်အတည်းပေါင်းစုံက စည်းမျဉ်းအခြေခံသည့် ကမ္ဘာလုံးဆိုင်ရာစနစ်ကို ထိခိုက်နေကြောင်း၊ ပြင်းထန်သော ပထဝီနိုင်ငံရေးအခင်းအကျင်းများကြောင့်  နိုင်ငံစုံအဖွဲ့အစည်း တစ်ခုဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား ပိုမိုအရေးကြီးလာစေကြောင်း ပြောကြားခဲ့ပါသည်ဟု The Business Standard သတင်းစာက ဖော်ပြ ထားသည်ကို တင်ပြအပ်ပါသည်။

 

Source: https://www.tbsnews.net/world/global-economy/wto-meeting-seeks-modest-outcomes-global-trade-critical-juncture-799502

 

International Trade News

Pages