ဉာဏ်ရည်တု (AI) နည်းပညာက စားသုံးသူများနှင့် လူ့အဖွဲ့အစည်းများအတွက် ပိုမိုကောင်းမွန်စွာလုပ်ဆောင်ပေး နိုင်ရေးကြိုးပမ်းရန် ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုညီလာခံ (UNCTAD) ၏ အထွေထွေ အတွင်းရေးမှူး မှာကြား

Mon, 03/25/2024 - 04:27 -- wtodep

ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့်အားလုံးပါဝင်နိုင်မှုတို့ကို အခြေခံထားသည့် ကမ္ဘာ့မူဘောင်တစ်ခုချမှတ်ထားပါက AI ၏ အကျိုး ကျေးဇူးများကို လူသားအားလုံးခံစားနိုင်မည်ဖြစ်ပြီး AI နည်းပညာတိုးတက်လာခြင်းက လူ့အဖွဲ့အစည်းနှင့်လူသားမျိုးနွယ်တစ်ခု လုံးအတွက် တိုးတက်ဖွံ့ဖြိုးမှုများရှိသလို အန္တရာယ်လည်းပေးလာနိုင်ကြောင်း၊ ဥရောပပါလီမန်မှ AI ဥပဒေကို မကြာသေးမီက ထုတ်ပြန်ခဲ့သော်လည်း AI နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်းကြိုးပမ်းမှုမှာမူ အားနည်းနေသေးကြောင်း၊ စားသုံးသူများ၏ နေ့စဉ်ဘဝတွင်  AI ပါဝင်ပတ်သက်မှု များပြားလာမှုကြောင့် လူ့အဖွဲ့အစည်းကို အလှည့်အပြောင်းဖြစ်စေကြောင်းတို့ကို ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုညီလာခံ (UNCTAD) ၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Ms. Rebeca Grynspan က မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့တွင် ပြောကြားခဲ့ပါသည်။

အထွေထွေအတွင်းရေးမှူးက နိုင်ငံတကာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူအခွင့်အရေးများဆိုင်ရာအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဂျီနီဗာ၌တွေ့ဆုံရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို လူအများစိတ်တိုင်းကျပုံစံ ပြုလုပ်ပေးခြင်းဖြင့် အချက်အလက်များ ရှာဖွေရာတွင် လိုအပ်သည့်အကြောင်းအရာများကိုသာ ထုတ်ပေးသည့် (data-driven) AI ဖြစ်ပေါ်ရေး၊ စားသုံးသူများကို အကောင်းဆုံးနည်းလမ်းများပံ့ပိုးနိုင်ရေးနှင့် အွန်လိုင်းအငြင်းပွားမှုပြဿနာများကို ဖြေရှင်းပေးနိုင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ပါသည်။

သို့သော် တစ်ချိန်တည်းမှာပင် AI နည်းပညာကိုထိန်းချုပ်ရန် ကြိုးပမ်းလာမှုများကြောင့် AI နည်းပညာ အသုံးပြုရာတွင် မျှတမှု၊ တာဝန်ယူမှုနှင့် ကျင့်ဝတ်လိုက်နာမှုကိစ္စများအပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုများပြားလာပါသည်။ လက်ရှိတွင် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီး အနည်းငယ်က အချက်အလက်များ စီးဆင်းမှုနှင့်ဒီဂျစ်တယ်ဝန်ဆောင်မှုများမှ ဝင်ငွေအများစုကို ထိန်းချုပ်ထားခြင်းကြောင့် မျှတစွာယှဉ်ပြိုင်နိုင်မှုကိုခြိမ်းခြောက်နေပြီး ရှိရင်းစွဲနည်းပညာဆိုင်ရာ ကွာဟချက်များကြောင့် AI ၏ ဦးတည်ချက်နှင့် အကျိုး ကျေးဇူးများကို အလေးအနက်ထားရန် ပိုမိုအရေးပါလာကြောင်း၊ မြန်ဆန်သောပြောင်းလဲမှုများအတွက် မြန်ဆန်သော တုံ့ပြန်ဆောင်ရွက်မှုများ လိုအပ်ကြောင်းကို UNCTAD အကြီးအကဲက တိုက်တွန်းခဲ့ပါသည်။

Ms. Rebeca Grynspan က AI နည်းပညာ၏ အကျိုးကျေးဇူးများကိုသာမက နည်းပညာအလွဲသုံးစားမှု အန္တရာယ်၊ လူဦးရေသုံးပုံနှစ်ပုံခန့် အင်တာနက်မရရှိသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ AI နောက်ကျကျန်နေမှုနှင့် သတင်းအချက်အလက်အမှားများကြောင့် လူ့အဖွဲ့အစည်းအား မတည်မငြိမ်ဖြစ်စေမည့် အန္တရာယ်တို့ကိုလည်း မီးမောင်းထိုးပြခဲ့ပါသည်။

စားသုံးသူများအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ UNCTAD သည် AI ၏အကျိုးကျေးဇူးများကို အားလုံးရရှိခံစားနိုင်ရေး အသိပညာပေးမှုများ၊ ကမ္ဘာ့စားသုံးသူများ အကာကွယ်ပေးရေး စည်းမျဉ်းမူဘောင်များချမှတ်နိုင်ရေး ဆောင်ရွက်နေသည့် ကုလသမဂ္ဂ၏ ဦးဆောင်အဖွဲ့တစ်ခုဖြစ်ပါသည်။ ထို့ပြင် ကျင့်ဝတ်မြင့်မားရေးနှင့် အသွင်ပြောင်းနည်းပညာအသုံးပြုမှုတို့အပေါ် စိစစ်ရန်နှင့်အကြံပြုရန် တာဝန်ယူထားသည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ AI အကြံပေးရေးအဖွဲ့၏ ဆောင်ရွက်ချက်များတွင်လည်း ပံ့ပိုးကူညီ ပေးလျက်ရှိပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိသော AI algorithms  နှင့် ဒေတာစုဆောင်းခြင်း အလေ့အကျင့်ကောင်းများ၊ AI နည်းပညာကြောင့် လူ့အဖွဲ့အစည်းတစ်ခုလုံး အကျိုးရှိစေရေး ပညာရှင်များ၏တာဝန်ခံမှု၊ လူမှုစီးပွားမညီမျှမှုများတွင် ကြာရှည် အမြစ်တွယ်နေသည့် တစ်ဖက်စောင်းနင်း အခြေအနေများကို လျော့ပါးစေရန် AI ပုံစံနှင့် ဆန်းသစ်တီထွင်မှုများဖြင့် ချမှတ်ထားသည့် ပြည်သူ့မူဝါဒများ၊ ကျယ်ပြန့်ပြီး အားလုံးပါဝင်နိုင်သည့် AI စနစ်များဖြစ်ပေါ်ရေး လိုအပ်သောကမ္ဘာ့မူဘောင်တစ်ခု ပေါ်ပေါက်လာစေရန် ဖြစ်ပါသည်။

UNCTAD က AI နည်းပညာ တတ်ကျွမ်းခြင်းဖြင့် စားသုံးသူများ၊ မူဝါဒချမှတ်သူများ၏ စွမ်းရည်မြှင့်တင်နိုင်မှုကို မီးမောင်းထိုးပြထားပြီး ကမ္ဘာ့မူဝါဒများနှင့်ကိုက်ညီသော နိုင်ငံအလိုက်မဟာဗျူဟာများ ချမှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း၊ နည်းပညာကုမ္ပဏီများအနေဖြင့် ရေတိုအမြတ်အစွန်းထက် စားသုံးသူများအဆင်ပြေရေးနှင့် လူမှုအကျိုးပြုနိုင်မည့်  AI ကျင့်ဝတ်များကျင့်သုံးရေးကိုတောင်းဆိုထားပြီး လူသားတိုင်းအကျိုးပြုမည့် AI စနစ်သို့ ပြောင်းလဲနိုင်ရေးအတူ ကြိုးပမ်းလုပ်ဆောင် သွားကြရန် Ms. Rebeca Grynspan က ပြောကြားခဲ့ပါသည်။

Source: https://unctad.org

International Trade News

Pages