ဘင်္ဂလားဒေ့ရှ်တွင် ဈေးကွက်ရရှိနေသောမြန်မာ့ရေချိုငါးမြစ်ချင်းများ

Wed, 10/05/2022 - 05:12 -- DotBorderdep

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၅ ရက်

  • မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုဒေသအလိုက် အဓိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် အချို့တွင် ငါးမွေးမြူရေးကန်များကို မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုအသွင် လုပ်ကိုင်လျက်ရှိသည်။
  • ငါးမွေးမြူရေးကန်များတွင် ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးခူစသည်ဖြင့် ငါးအမျိုးမျိုးမွေးမြူလျက်ရှိရာ ငါးမြစ်ချင်းများမှာ(၂) နှစ်သားခန့် အရွယ်တွင် (၂) ကီလိုမှ (၅) ကီလိုခန့်အထိကြီးထွားမှုရှိသည်။ (၂) ကီလိုနှင့်အောက်ငယ်သောငါးမြစ်ချင်းများကို ပြည်တွင်းငါးဈေးကွက်များအတွင်း ရောင်းချမှုပိုမိုပြီး (၁) ကီလိုမှ (၅) ကီလိုအရွယ်ရှိငါးမြစ်ချင်းများကို ပြည်ပဈေးကွက်များသို့လည်း ထိုးဖောက်ရောင်းချနိုင် ခဲ့သဖြင့် ငါးမြစ်ချင်းများကို ယခင်ထက် ပိုမိုမွေးမြူလာကြသည်ကိုတွေ့ရသည်။ မြန်မာ့ရေချို ငါးမြစ်ချင်း များကို ၂၀၁၆ ခုနှစ်ခန့်မှစ၍ စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။
  • အဆိုပါ ငါးမြစ်ချင်းများကို ရန်ကုန်မြို့ စံပြငါးဈေးနှင့်အခြားငါးဈေးများ၊ ငါးကန်များမှ ဝယ်ယူစုဆောင်း ပြီးဘုရင့်နောင်နှင့်လှိုင်သာယာရှိ ဂိုဒေါင်များ၌ ဖော့ပုံးများတွင် ရေခဲများဖြင့် ထုပ်ပိုးသည်။ ငါးလုပ်ငန်း ဦးစီးဌာန၏ Invoice/မျှောစာများနှင့်အတူ (၆ ဘီး/၁၂ ဘီး) အအေးခန်း(Box Track)ယာဉ်များဖြင့် တင်ဆောင်ပြီး ရန်ကုန်-စစ်တွေကားလမ်းမှ သယ်ဆောင်ကာ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ ရေလမ်းကြောင်းမှ သင်္ဘောများဖြင့် တင်ပို့ကြသည်။ ရန်ကုန်-စစ်တွေ မှတစ်ဆင့် စစ်တွေ-အငူမော်-မောင်တောကားလမ်းဖြင့် မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန်မှ စက်တပ်လှေများဖြင့် နတ်မြစ်ကိုဖြတ်၍ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့သို့ တင်ပို့မှုလည်းရှိ သည်။
  • ရန်ကုန်မှ မောင်တောထိ (၆) ဘီး/ (၁၂) ဘီးအအေးခန်း (Box Track) များဖြင့် (၂) ညအိပ် (၃) ရက်ခရီး သွားလာရပြီး သယ်ယူစရိတ်ကုန်ကျမှုများသော်လည်း မောင်တောမြို့၊ ကညင်ချောင်းစီးပွားရေးဇုန် ဆိပ်ကမ်းမှ နတ်မြစ်ကိုဖြတ်၍ (၁) နာရီဝန်းကျင်ခန့်ဖြင့် တစ်ဖက်နိုင်ငံဈေးကွက်သို့ ရောက်ရှိသည်။ တစ်ဖက်ကုန်သည်၏ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး တန်(၂၀)မှ တန်(၅၀)ခန့်ဖြင့် တင်ဆောင်နိုင် သောစက်တပ်လှေများဖြင့် အချိန်စောင့်ဆိုင်းရန်မလိုဘဲ ငါးမြစ်ချင်းများကို တင်ပို့နိုင်သည်။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှ ဩဂုတ်လအထိ) မောင်တောကုန်သွယ်ရေးစခန်းမှ ငါးမြစ်ချင်း တန်ချိန် (၅၁၆၀) တန်၊ တန်ဖိုး (၆.၄၄၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ စစ်တွေ- အငူမော်-မောင်တော ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းမှလည်းကောင်း၊ စစ်တွေ-ဘူးသီးတောင် ရေလမ်းကြောင်းမှ လည်းကောင်း ဇက်ရေယာဉ်ဖြင့် ကုန်တင်ကား သယ်ယူပို့ဆောင်နေမှုအား ဒေသတွင်းလုံခြုံရေး အခြေအနေများအရ သက်ဆိုင်ရာမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ ရပ်ဆိုင်းထားလျက်ရှိသဖြင့် မြန်မာ့ရေချိုငါးမြစ်ချင်းများ တင်ပို့မှုမှာ အခက်အခဲဖြစ်လျက်ရှိကြောင်း မောင်တောကုန်သွယ်ရေးစခန်း မှသိရသည်။

Border Trade News

Pages