စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD)တွင် အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ် စတင်ခဲ့သော ထိုင်းနိုင်ငံ

Tue, 05/07/2024 - 04:08 -- wtodep

ထိုင်းနိုင်ငံသည် နိုင်ငံ၏စံနှုန်းများကိုမြှင့်တင်ကာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများကို ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ချက် များဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် လမ်းပြမြေပုံကို ရေးဆွဲခဲ့ပါသည်။

သို့သော် နိုင်ငံတကာစီးပွားရေးပညာရှင်အချို့က ချမ်းသာကြွယ်ဝသောနိုင်ငံများ၏ အသင်းသို့ဝင် ရောက်ခြင်းသည် အကျိုးကျေးဇူးထက် အားနည်းချက်များပိုမိုရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

OECD တွင် အာရှမှ အဖွဲ့ဝင်အဖြစ် ဂျပန်နှင့် တောင်ကိုရီးယားတို့ ၂ ဦးသာရှိပြီး အင်ဒိုနီးရှားမှလည်း လျှောက်ထားဆဲဖြစ်ပါသည်။ အာဆီယံအဖွဲ့တွင် OECD အဖွဲ့ဝင်နိုင်ငံများ မပါရှိသော်လည်း ထိုင်း နိုင်ငံက ဖေဖော်ဝါရီလတွင် OECD အထွေထွေအတွင်းရေးမှူးထံ အဖွဲ့ဝင်ဖြစ်လိုကြောင်း ကတိပြုစာကို ပေးပို့ခဲ့သော်လည်း အတည်ပြုချက် လုပ်ငန်းစဉ်မှာ အချိန်ယူရပါသည်။ လျှောက်လွှာအပေါ် OECD အဖွဲ့ဝင် ၃၈ ဦးပါရှိသည့်ကောင်စီမှ အတည်ပြုချက်ရယူရန် ပုံမှန်အားဖြင့် ၇-၈ နှစ် ကြာမြင့်သည်။ ထိုင်းနိုင်ငံ၊ OECD အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ယင်းအချိန် ဇယားကို ငါးနှစ်အထိ ချုံ့ပစ်ရန် ရည်မှန်းထားပါသည်။

ပိုမိုမြင့်မားသောစံနှုန်းများ

ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကုန်သွယ်မှုအတွက် အများမှလက်ခံသော စံချိန်စံညွှန်းများရှိရန်လိုအပ်ပြီး OECD အဖွဲ့ဝင် ဖြစ်ပါက ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စံချိန်စံညွှန်းများရှိမည်ဖြစ်သည်ဟု ဆို သည်။ ထိုင်းဝန်ကြီးချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Prommin Lertsuridej က OECD အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန် (၁) ပွင့်လင်းမြင်သာမှု၊ လွတ်လပ်သော စျေးကွက်စီးပွားရေးနှင့် နိုင်ငံရေး လွတ်လပ်မှု၊ (၂) ဘေးကင်းလုံခြုံရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ (၃) တရားဥပဒေစိုးမိုးရေး၊ (၄) အရည်အသွေးပြည့်ဝသော ပညာရေးစနစ်၊ (၅) ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝပတ်ဝန်းကျင်များ ရှိရန်လိုအပ်ကြောင်း၊ မိမိတို့ရည်ရွယ်ချက်သည် စံချိန် စံညွှန်းများကို ကြွားရန်မဟုတ်ပဲ ထိုင်းနိုင်ငံသားများ၏ လူနေမှုဘဝကို  မြှင့်တင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် OECD တွင် ပါဝင်ရန် လွန်ခဲ့သည့် နှစ် ၂၀ ခန့်က ထိုင်းဝန်ကြီးချုပ်ဟောင်း  သက်ဆင်ရှင်နာဝပ်ထရာကာလအတွင်းက စဉ်းစားခဲ့သော်လည်း ရပ်တန့်သွားခဲ့ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ နောက်ပိုင်းနှစ်များနှင့် လက်ရှိဝန်ကြီးချုပ် Srettha Thavisin အစိုးရအဖွဲ့ ကာလတွင်ပြန်လည်သက်ဝင်လာကာ OECD အထွေထွေအတွင်းရေးမှူးထံသို့ စဉ်းစားပေးရန်အတွက် စိတ်ဝင်စားစွာဖြင့် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်၏ ပထမအဆင့်ကို ဆောင်ရွက်ခဲ့ပါ သည်။

Mr. Prommin က အစိုးရ၏တာဝန်သည် လုပ်ငန်းလည်ပတ်မှုကို အဟန့်အတားဖြစ်စေမည့်အစား ချောမွေ့စေရန်နှင့် ပံ့ပိုးကူညီရန်ဖြစ်ကြောင်းနှင့် လက်ရှိတွင် OECD ၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်၏လုပ်ငန်းများအား ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် ဒစ်ဂျစ်တယ်စနစ်အစိုးရ၏ ကနဦးခြေလှမ်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများလိုအပ်

ထိုင်း၊ အမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဒုတိယအထွေထွေအတွင်းရေး မှူး Wanchat Suwankitti က ဖေဖော်ဝါရီ ၂၁ ရက်က OECD ထံသို့ တင်ပြခဲ့သော ထိုင်းနိုင်ငံ၏ စိတ်ပါဝင်စားမှုစာအပေါ် အပြုသဘောဆောင်သော တုံ့ပြန်မှုကို ရရှိခဲ့ကြောင်း၊ ထိုအချက်သည် အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ OECD အဖွဲ့ဝင်ဖြစ်မှုအတွက် အကဲဖြတ်ခြင်း လုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံ၏ အဆင်သင့်ဖြစ်မှုနှင့် OECD ၏ တန်ဖိုးများနှင့် တာဝန်ဝတ္တရားများအပေါ် ရှုထောင့်အမျိုးမျိုးမှ ထည့်သွင်း စဉ်းစားလိမ့်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များကို ပြီးမြောက်ရန် ထိုင်းနိုင်ငံက (၅) နှစ်ဝန်းကျင်ခန့် တောင်းဆိုထားသော်လည်း လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် OECD၏ အဖွဲ့ဝင်ဖြစ်လာပါက ၎င်း၏ ပုဂ္ဂလိကကဏ္ဍကို ကမ္ဘာ့စံနှုန်းများနှင့် ကိုက် ညီစေရန် ကူညီပေးမည်ဖြစ်ကြောင်း၊ သို့မှသာ ထိုင်းနိုင်ငံသည် ကမ္ဘာ့အဆင့်တွင် ယှဉ်ပြိုင်နိုင်ပြီး ကမ္ဘာ့ကွန်ရက်အတွင်း မိတ်ဖက်များ ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုင်း SME လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ OECD တွင် ပါဝင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာမည်ဟု ခန့်မှန်းရသော်လည်း ထိုင်း SME လုပ်ငန်များအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်နိုင်မည်လားဟု မေးခွန်းထုတ် စရာဖြစ်လာနိုင်ကြောင်း MrWanchat က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံသည် OECD အဖွဲ့ဝင်ဖြစ်လာသော်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အပြန်အလှန်ကုန်သွယ်မှု ဖြေလျော့ရေးသည်  ကဏ္ဍအားလုံးလုပ်ဆောင်ရန် မလိုအပ်ပါ။  အချို့ကဏ္ဍများတွင် သင့်လျော်သော အကြောင်းပြချက်များဖြင့် ကာကွယ်ထားနိုင်ပါသည်။ ဥပမာ အမေရိကန်နှင့်တောင်ကိုရီးယားကဲ့သို့ အချို့သောအလုပ်အကိုင်များကို ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိနိုင်ပါသည်။

မြင့်မားသော ရည်မှန်းချက်များ

ထိုင်းနိုင်ငံ၏ လက်ရှိ တစ်ဦးချင်း၀င်ငွေသည် ဒေါ်လာ ၈၀၀၀ ဝန်းကျင်တွင်ရှိပြီး အလယ်အလတ် ဝင်ငွေသတ်မှတ်ချက် ဘောင်အတွင်းရှိပါသည်။ ထို့ကြောင့် ထိုင်းနှင့် အင်ဒိုနီးရှားတို့ OECD အဖွဲ့ဝင်ဖြစ်ခဲ့ပါက ၎င်းတို့သည် အုပ်စုထဲတွင် အားနည်းသော အဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။ ထို့ထက်ပို အရေးကြီးသည်မှာ OECD အဖွဲ့ဝင်ဖြစ်လာသောကြောင့် နိုင်ငံ၏အဆင့်ကိုဝင်ငွေ အလယ်အလတ်နိုင်ငံအဖြစ်မှ ပြောင်းလဲရမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများအတွက် ရန်ပုံငွေထည့်ဝင်ရန် လိုအပ်မည်ဖြစ်သည်။

Panyapiwat စီမံခန့်ခွဲမှုသိပ္ပံ၏ ဥက္ကဋ္ဌဖြစ်သူ Sompop Manarungsan က OECD တွင် လွတ်လပ်သောကုန်သွယ်မှုသဘော တူညီချက်များ (FTA) သို့မဟုတ် ဥရောပသမဂ္ဂ (EU) ကဲ့သို့ စည်းနှောင်ထားသော သဘောတူညီချက်များနှင့်ပူးပေါင်း ဆောင်ရွက်မှုလမ်းညွှန်ချက်များ မရှိသောကြောင့် OECD အဖွဲ့ဝင်အဖြစ် ထိုင်းနိုင်ငံကရရှိမည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်များသည် အလားအလာရှိသော ဆုံးရှုံးမှုများနှင့်နှိုင်းယှဉ်လျှင် သိသာမည်မဟုတ်ကြောင်း၊ အမှန်တကယ်တွင် ထိုင်းနိုင်ငံသည် OECD ၏ တစ်စိတ်တစ်ပိုင်း အဖွဲ့ဝင်နိုင်ငံဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာနေသည့်အတွက် ၎င်း၏ စံနှုန်းများကိုမြှင့်တင်နိုင်ဆဲဖြစ်ကြောင်း၊ OECD အဖွဲ့ဝင်နိုင်ငံအဖြစ် အဆင့်မြင့်စီးပွားရေးနိုင်ငံဖြစ်ခြင်းသည် အခြားနိုင်ငံများက ပိုမိုရင်းနှီး မြုပ်နှံလာမည်ဟု မသတ်မှတ်နိုင်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများထက် ပိုမိုတင်းကြပ်သည့် သတ်မှတ်ချက် စံနှုန်းများရှိကြောင်း ပြောကြားခဲ့ပါသည်။

Source:www.bangkokpost.com

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages