စီးပွားရေး၊ ရာသီဥတုနှင့် ကျား/မ ခွဲခြားမှုမရှိစေရေးဆိုင်ရာ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သော ပင်လယ်ရေမှော်လုပ်ငန်း

Wed, 05/08/2024 - 03:32 -- wtodep

ပင်လယ်ရေမှော်လုပ်ငန်းသည် အသေးစား လယ်သမားများ၊ စိုက်ပျိုးသူများနှင့် ကမ်းရိုးတန်းနေ အမျိုးသမီးများ အထူးသဖြင့် အာရှနှင့် အာဖရိကရှိ အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းမှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါသည်။

ရာသီဥတု၊ စားသောက်ကုန်ဖူလုံရေးနှင့် ကျား/မ ခွဲခြားမှုမရှိစေရေးအတွက် ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး (UN Trade and Development) မှ  လေ့လာခဲ့သည့် “သမုဒ္ဒရာမှပေးသော အခွင့်အလမ်းများ” စာအုပ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်များ အနက် သဘာဝပတ်ဝန်းကျင်နှင့် ကျား/မ ခွဲခြားမှုမရှိစေရေး ကဏ္ဍများကို မြှင့်တင်ရန် ပင်လယ်ရေ မှော်လုပ်ငန်း၏ စွမ်းရည်များကို ဖော်ပြထားပါသည်။

အဆိုပါလုပ်ငန်းသည် ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်ငါး/ ပုစွန်မွေးမြူရေးလုပ်ငန်းများ၏ လောင်းရိပ်မိနေသောကြောင့် ၎င်း၏ စီးပွားရေးအရ အရေးပါမှု၊ အထူးသဖြင့် အမျိုးသမီးများအတွက် အရေးကြီးမှုကို လျော့တွက်ခြင်းခံနေရပါသည်။

ပင်လယ်ရေမှော်လုပ်ငန်းသည် ရာသီဥတုဖောက်ပြန်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့်လေထုညစ်ညမ်းမှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ၃ ခုကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီနေသည့်အပြင် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင်များဖြစ်သော အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုမြှင့်တင်ရေးနှင့်စားနပ်ရိက္ခာ ဖူလုံရေး ပန်းတိုင်များကိုလည်း တိုးတက်စေနိုင်ကြောင်း  ကုလသမဂ္ဂကုန်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဌာနခွဲအကြီးအကဲ Chantal Line Carpentier က ပြောကြားခဲ့သည်။

ကွဲပြားသောအသုံးပြုမှုများ

ပင်လယ်ရေမှော်များကို အစားအစာအဖြစ် ဆူရှီ၊ အသုပ်များ၊ ဟင်းချိုများနှင့် အဖျော်ယမကာများတွင် လည်းကောင်း၊ ဆေးဝါးများ၊ ရေနေတိရစ္ဆာန်အစာများ၊ အလှကုန်များ၊ အထည်အလိပ်များ၊ ဇီဝ ထုပ်ပိုးမှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းများဖြစ်သည့် ကာဗွန်စုဆောင်းခြင်းမှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းအထိ အသုံးပြုပါသည်။

ထို့ပြင် အဖြစ်များသော သံဓာတ်၊ ဗီတာမင် A၊ အိုမီဂါ-၃ နှင့် အိုင်အိုဒင်း အပါအဝင် အာဟာရချို့တဲ့မှု များတွင်လည်း အသုံးပြုလျက်ရှိပြီး အာဟာရပါဝင်မှု၊ ဇီဝရရှိနိုင်မှုနှင့် ကျန်းမာရေးအန္တရာယ်များ ဆိုင်ရာ သုတေသနများ ပိုမိုဆောင်ရွက်ရန် လိုအပ်ပါသည်။

အစီရင်ခံစာအရ၊ ပင်လယ်ရေမှော်ထုတ်လုပ်မှုသည် သယံဇာတကို ထိရောက်စွာ အသုံးပြုစေပြီး မြေ၊ ရေချို သို့မဟုတ် ဓာတ်မြေသြဇာ မလိုအပ်သောကြောင့် ဂေဟစနစ်အပေါ် ထိခိုက်မှုနည်းပါးသည်။ ပင်လယ်ရေမှော်သည် အပူပိုင်းသစ်တောများ သို့မဟုတ် ဒီရေတော များထက် ကာဗွန်ကိုပိုမိုစုပ်ယူပါသည်။

သို့သော် ပင်လယ်ရေမှော်ထုတ်လုပ်မှုနှင့် လူများစားသုံးမှုအတွက် ကမ္ဘာ့စည်းမျဉ်းများ၊ စံချိန်စံညွှန်းများနှင့် လမ်းညွှန်ချက်များ မရှိသောကြောင့် ငတ်မွတ်မှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ရေဆိုးစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အပြည့်အဝ ကူညီဖြေရှင်းပေးနိုင်ခြင်း မရှိပါ။

စျေးကွက်နှင့် ကုန်သွယ်မှုတန်ဖိုးများ မြင့်မားလာခြင်း

ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၏ အချက်အလက်များအရ ကမ္ဘာ့ပင်လယ်ရေမှော်ဈေးကွက်သည် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒေါ်လာ ၅ ဘီလီယံမှ ၁၇ ဘီလီယံ အထိရှိလာခဲ့ပြီး ကမ္ဘာ့ပို့ကုန်ပမာဏသည် ဒေါ်လာ ၁ ဘီလီယံခန့် ရှိကြောင်း သိရှိရပါသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ကမ္ဘာ့ငါးဖမ်းလုပ်ငန်းနှင့် သက်ရှိအဏ္ဏဝါရင်းမြစ် ဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံရှိကြောင်း ခန့်မှန်းထားပြီး ပင်လယ်ရေမှော် ကဏ္ဍသည် သေးငယ်သော်လည်း တိုးတက်မှုမြန်ဆန်ကြောင်း ဖော်ပြထားပါသည်။

ပင်လယ်ရေမှော်၏ မြင့်တက်လာသောစျေးကွက်ကြောင့် အစားအစာနှင့် ငါးပုစွန်ကဏ္ဍများကို ကျော်လွန်၍ အထည်အလိပ်နှင့် ပလတ်စတစ်ကဲ့သို့သော လုပ်ငန်းများတွင် ရုပ်ကြွင်းလောင်စာ အစားထိုးအသုံးပြုနိုင်သည့် အလားအလာကို ပြသနေပါသည်။ ပင်လယ်ရေမှော် များကြောင့် ကွဲပြားသော ဝင်ငွေရရှိခြင်း၊ လုပ်ငန်းအသစ်များနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေခြင်း၊ အမျိုးသမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားများကို စွမ်းဆောင်ရည်မြှင့်တင်နိုင်ခြင်း စသည့်အခွင့်အလမ်းများ ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ သမုဒ္ဒရာနှင့် လှည့်လည်စီးပွားရေးကဏ္ဍ အကြီးအကဲ David Vivas Eugui က ပြောကြားခဲ့သည်။

သို့သော် နိုင်ငံတကာကုန်သွယ်မှုတွင် ပင်လယ်ရေမှော်နှင့် ၎င်း၏ထုတ်ကုန်များကို အသုံးချမှုနည်းပါး ပြီး စုစုပေါင်းစျေးကွက်တန်ဖိုး၏ ၁၄ % ကိုသာ သုံးစွဲလျက်ရှိပါသည်။ ချီလီ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိုင်ယာလန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့က ပင်လယ်ရေမှော် ပို့ကုန်များကို ဦးဆောင်လျက်ရှိပါသည်။

အမျိုးသမီးများအတွက် စီးပွားရေးဆိုင်ရာစွမ်းဆောင်မှုမြှင့်တင်ခြင်း

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် တန်ဇန်းနီးယားကဲ့သို့ ပင်လယ်ရေမှော်ထုတ်လုပ်သည့် နိုင်ငံများတွင် အလုပ်သမားများ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးများသည် ပင်လယ်ရေ မှော်လုပ်ငန်း၌ အခြားလုပ်ငန်းများကဲ့သို့ပင် ဘေးကင်းလုံခြုံရေး၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ၊ အရင်းအမြစ်များရရှိရန် ကန့်သတ်ထားခြင်း၊  နည်းပညာနှင့် ဆုံးဖြတ်ချက်ချနိုင်ခွင့် စသည့် ကျား/မ ဆိုင်ရာ အတားအဆီးများကိုလည်း ကြုံတွေ့နေရသည်။ သို့သော် ပင်လယ်ရေမှော် လုပ်ငန်းငယ်များ၏ ၄၀ % ကို အမျိုးသမီးများက ဦးဆောင်နေပါသည်။

မူဝါဒပိုင်းအကြံပြုချက်များ

ကုလသမဂ္ဂ ကုန်သွယ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အစိုးရများ၊ ဥပဒေချမှတ်သူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပညာရှင်များအား ပင်လယ်ရေမှော်များ၏ အလားအလာကို အပြည့်အဝ အသုံးချနိုင်ရေး ဒေသတွင်း အဖွဲ့များမှတဆင့် ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုထားသည်။ ပင်လယ်ရေမှော်ကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲထားရန်နှင့် အဆိုပါကဏ္ဍတွင် ပါဝင်သောအမျိုးသမီးများကို သင်တန်းများပေးရန် တိုက်တွန်းထားသည်။

ဥပဒေချမှတ်သူများအနေဖြင့်လည်း ပလတ်စတစ်အစားထိုး ပင်လယ်ရေမှော်လုပ်ငန်းများကို အားပေးရန်၊ ရေဆိုးပြန်လည် သန့်စင်ရေးလုပ်ငန်းများတွင် ပင်လယ်ရေမှော်အသုံးပြုရန်၊ လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်ရန်၊ အဏ္ဍဝါလုပ်ပိုင်ခွင့်နှင့် စီမံကိန်းများတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး စီမံထားရန် တင်ပြထားပါသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီးအသင်းအဖွဲ့များက ပင်လယ်ရေမှော်ဆိုင်ရာ စံနှုန်းများကို တပြေးညီဖြစ်စေရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းများ၊ အစားအသောက် ဘေးကင်းရေးစည်းမျဉ်းများကို သင်ကြားပေးခြင်း၊ လက်ခံကျင့်သုံးခြင်း တို့ကို အားပေးသင့်ကြောင်း တိုက်တွန်း ထားပါသည်။

ပညာရှင်များနှင့် သုတေသနဌာနများကလည်း ပင်လယ်ရေမှော်၏ ကာဗွန်စုပ်ယူမှုအလားအလာ၊ ဇီဝလုံခြုံရေးအန္တရာယ်များ၊ အာဟာရ အကျိုးကျေးဇူးများ (အထူးသဖြင့် အမျိုးသမီးများအတွက်)၊ အခြားကိစ္စရပ်များကို လေ့လာသင့်ကြောင်း တင်ပြထားပါသည်။

Source: UNCTAD

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages