၁၂ ကြိမ်မြောက် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ပါဝင်ဆင်နွှဲစို့

Wed, 05/15/2013 - 10:04 -- admin

  မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကြီးဟာ နှစ်နိုင်ငံ ခေါင်းဆောင်ကြီး များရဲ့ သဘော တူညီချက် အရ ၂၀၀၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်နဲ့ တရုတ် နိုင်ငံဘက် ရွှေလီတို့တွင် တစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ကုန်စည်ပြပွဲမှာ မြန်မာဘက်မှာ ပြခန်းပေါင်း (၁၀၈)ခန်း၊ တရုတ်နိုင်ငံ ဘက်က ပြခန်းပေါင်း (၁၀၈)ခန်းနှင့် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွေ ကိုလည်း ပြခန်း (၂)ခန်း ကျစီ ဖိတ်ကြားပြသ စေခဲ့ပါတယ်။

ယခင်နှစ်များမှာ ကုန်စည်ပြပွဲကို လာရောက်ကြတဲ့ မြန်မာ- တရုတ် ဧည့်ပရိတ်သတ်များ မှာလည်း ခြိမ့်ခြိမ့်သဲ ကုန်စည်ကူးလူး ရောင်းဝယ်ခဲ့ ကြပါတယ်။ နှစ်နိုင်ငံ ပူးပေါင်း ပါဝင်ပြသကြမယ့် ကုန်စည် ပြပွဲများ ဖြစ်လို့ နိုင်ငံတော် အဆင့်နှင့် အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ငံရေး အတွက် သက်ဆိုင်ရာ ဌာနများ၊ ကုန်သည်အသင်း အဖွဲ့များကလည်း သက်ဆိုင်ရာ အလိုက် ထိထိ ရောက်ရောက် ဝိုင်းဝန်း ဆောင်ရွက် ခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံခြား သံတမန်တွေကိုလည်း အဲဒီပြပွဲမှာ ဖိတ်ကြားပြီး ပါဝင်ပြသခဲ့ ကြပါတယ်။ မြန်မာ နိုင်ငံဘက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက အဲဒီ ကုန်စည်ပြပွဲ တွေမှာ နှစ်စဉ် တက်ရောက် ဖွင့်လှစ်ပေး ခဲ့ပါတယ်။

ကုန်စည်ပြပွဲ ကျင်းပပြီးတာနဲ့ တဆက်တည်း နှစ်ဖက်နိုင်ငံက တက်ရောက် ခဲ့ကြတဲ့ ထိပ်တန်း အရာရှိကြီးများဟာ ကုန်သွယ်မှုနှင့် ပတ်သက်ပြီး၊ ညှိနှိုင်း အစည်းအဝေး ကျင်းပပြီး ကုန်သွယ်မှု ပိုမို ဖွံ့ဖြိုး တိုးတက်ရေး အတွက် နှစ်ဖက် ကိုယ်စားလှယ်များနဲ့ ကုန်သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို နည်းလမ်းကောင်း များစွာဖြင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြပါတယ်။ အဲဒီနောက် နယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (JBTCCC) ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ပူးပေါင်း ကျင်းပ ခဲ့ကြပါတယ်။ အဲဒီ အစည်းအဝေးကိုတော့ တစ်နှစ်မှ တစ်ကြိမ် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ချုပ်က ဦးဆောင်ပြီး နှစ်ဖက်နိုင်ငံရဲ့ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီ အသင်းအဖွဲ့များ တက်ရောက်ခဲ့ ကြပြီး၊ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု အခက်အခဲတွေကို ပူးပေါင်း ညှိနှိုင်း အဖြေရှာ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီနှစ် ၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံဘက်က ကုန်စည်ပြပွဲကို မိမိနိုင်ငံဘက်မှ တာဝန်ယူ ကျင်းပဖို့ အလှည့်ကျခဲ့တာ ဖြစ်တဲ့အတွက် (၁၂)ကြိမ်မြောက် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်မှ (၁၁)ရက်နေ့အထိ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ယခုနှစ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံရှိ အခြားပြည်နယ်များဖြစ်တဲ့ လင်ချန်း မဲဟောင်ဆောင် ပြည်နယ်များ ဘက်ကကုန်သည်လုပ်ငန်းရှင်များလည်း လာရောက်လေ့လာကြမယ်လို့သိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ အခြား အိမ်နီးချင်း နိုင်ငံများနဲ့ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲအနေနဲ့ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း မြန်မာနိုင်ငံ နဲ့ ထိစပ်နေတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲများကိုတော့ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာ တွေ့ရှိရပါတယ်။

ယခုနှစ်ကုန်စည်ပြပွဲမှာကုန်သည်များပြသတဲ့ ပြခန်းပေါင်း(၂၀၀)ကျော်ပြသသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံဘက် မှ ဝန်ကြီးဌာနများ၊ သမဝါယမအသင်းများ၊ ကုန်သည်အသင်းများ၊ စက်မှုဇုန်များမှ ပူပေါင်းပါဝင်ပြသသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်က ပြသမယ့်ပြခန်းတွေမှာ ကျောက်မျက် ရတနာများ၊ သစ်အချော ထည်များ၊ လယ်ယာ ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ စက်မှုဇုန်များမှ ထုတ်လုပ်တဲ့ လူသုံးအိမ်သုံးပစ္စည်းများ ပါဝင် ပြသသွားမှာဖြစ်ပါတယ်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ အရေးပါရုံသာမက ဒေသတွင်း အရှေ့တောင် အာရှနှင့် တောင်အာရှနိုင်ငံများအကြား မဟာဗျူဟာ ကျတဲ့စီးပွားရေး ဇုန်ဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်စေနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးရဲ့ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှု ပမာဏ အခြေအနေကို ကြည့်မယ်ဆိုရင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ (၁၀၇၆.၈၁၁) အမေရိကန်ဒေါ်လာသန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် (၁၈၀၀.၂၈၂) အမေရိကန်ဒေါ်လာသန်း၊ ၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှာ (၂၉၈၅.၄၂၄) အမေရိကန်ဒေါ်လာသန်းအထိ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှု ပိုမိုတိုးမြှင့် ကုန်သွယ် နိုင်တာကို တွေ့ရှိရပါတယ်။

ဒါကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲများ ကျင်းပနိုင်ခဲ့ခြင်းကြောင့် နှစ်ဖက်နိုင်ငံရှိ ကုန်သည် များအတွက် ကုန်စည်စီးဆင်းမှု လျင်မြန်နိုင်ခြင်း၊ ကုန်သွယ်မှုတိုးတက်နိုင်ခြင်း၊ မိမိတို့ရဲ့ ဈေးကွက်ကောင်းများ ပိုမို ရရှိလာနိုင်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုလာတော့မည်ဖြစ် ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

  အေးအေး(ကမရ) နယ်စပ်/ဦးစီး