(၁၄) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက

Mon, 09/18/2023 - 09:40 -- ipICTdep

နေပြည်တော်၊ စက်တင်ဘာ ၁၈

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများ တွေ့ဆုံသည့် အစည်းအဝေးသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

  အာဆီယံနိုင်ငံများနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ မူပိုင်ခွင့်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်စေရန်၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ဖြစ်စေရန်အတွက် အပြန်အလှန်ဆွေးနွေးနိုင်စေရန်နှင့် အတွေ့အကြုံများ မျှဝေနိုင်စေရန် ရည်ရွယ်၍ အဆိုပါအစည်းအဝေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

  အဆိုပါအစည်းအဝေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  မူပိုင်ခွင့်ရုံးတို့၏ ဌာနကြီးမှူးများမှလည်း မိမိတို့နိုင်ငံအလိုက်   အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကို ဖလှယ်နိုင်ခဲ့ပြီး ၊ ၂၀၂၃-၂၀၂၄ အာဆီယံ-တရုတ် မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးပွဲနှင့်တစ်ဆက်တည်း အာဆီယံ-တရုတ် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်သို့လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။