ပညာပေး/လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် COVID-19 ရောဂါဖြစ်ပွားမှုကာကွယ်ရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်ခဲ့သော ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ၁၈-၃-၂၀၂၁ (ကြာသပတေးနေ့)၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြေညီထပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ သင်တန်း ဆင်းပွဲအမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ဆုရရှိခဲ့ကြသော သင်တန်းသားများအား ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။ထို့နောက် ဒုတိယညွန်ကြားရေးမှူးချုပ်၊ ဦးကိုကိုလေးမှ သင်တန်းဆင်းအောင် လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်တစ်ဉီးထံသို့ ပေးအပ်ခဲ့ပါသည်။ သင်တန်းတွင် ပထမဆုအား ဒေါ်ခိုင်ဖူးဝေ၊ ဒုတိယဦးစီးမှူး၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ လည်းကောင်း၊ ဒုတိယဆုအား ဒေါ်ဟန်နီထွန်း၊ နေ့စား၊ ကုန်သွယ်မှုမူဝါဒဌာနခွဲမှလည်းကောင်း၊ တတိယဆုအား ဒေါ်သူဇာမိုး၊ နေ့စား၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲမှလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေး မှူးချုပ်၊ ဌာနခွဲများမှ ညွန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ
သတင်းအကျဉ်း
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း၊ (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁၁၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း Virtual Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် (အောက်မြန်မာပြည်)ရဲ့ Online စနစ်ဖြင့် ဖွင့်လှစ်တဲ့ အရာထမ်းငယ်အခြေခံသင်တန်းတွေမှာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား (၂၃၉)ဦး တက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (၃)ဦး တက်ရောက်ခဲ့ပါတယ်။
သင်တန်းမှာ ဘာသာရပ်တွေကို Online Learning System ဖြင့် သင်ကြားလေ့ကျင့်ပေး ခဲ့ပြီး သင်တန်း(၂)ခုလုံးရဲ့ သင်တန်းဆင်းပွဲကို (၁-၃-၂၀၂၁) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ
ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း ဖွင့်လှစ်မှုသတင်း(အကျဉ်းချုပ်)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို (၁၈-၁-၂၀၂၁) ရက်နေ့မှ (၁၈-၃-၂၀၂၁) ရက်နေ့ထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)ရှိ သင်တန်းခန်းမတွင် ဌာနခွဲအသီးသီးမှ သင်တန်းသား (၂၄)ဦးဖြင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများအား သိရှိပြီး ပေးအပ်သောတာဝန်ကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဘာသာရပ်များ အပြင် ဆက်စပ်ဝန်ကြီးဌာနများအောက်ရှိ ဌာနများမှ ဘာသာရပ်အသီးသီးကိုလည်း သင်ကြားပို့ချ လျက်ရှိပါတယ်။
ကုန်သွယ်မှုပညာပေးရေးဌာနခွဲ
Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂) ဖွင့်လှစ်မှု သတင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှ Tradenet 2.0 အသုံးပြုမှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂)အား (၅-၉-၂၀၂၂) ရက်နေ့မှ (၉-၉-၂၀၂၂) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲကို (၅-၉-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြေားကြားခဲ့ပြီး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ညွှန်ကြားရေးမှူးတို့ တက်ရောက် ခဲ့ပါသည်။
၂။ အဆိုပါသင်တန်းသို့ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်းလေ့လာသူ (၈) ဦးနှင့် တက်ရောက် သူလုပ်ငန်းရှင် (၂၂၀) ဦိးတို့သည် Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီသင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ပါသည်။