ပညာပေး/လှုပ်ရှားမှုများ
![]() အင်ကြင်းကျောက် Wood Fossil ( Ingjin Stone ) ဆိုသည်မှာ သစ်ပင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းမှ ဖြစ်ပေါ်လာသော ကျောက်အမျိုုးအစားဖြစ်သည်။ အင်ကြင်းကျောက်များကို မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ၊ ပခုက္ကူ၊ နတ်မောက်နှင့် နွားထိုးကြီးမြို့နယ်များတွင် ထွက်ရှိပြီး နွားထိုးကြီးမှထွက်သောအင်ကြင်းကျောက်မှာ အကောင်းဆုံး ဖြစ်ကြောင်းသိရှိရသည်။ မြေကြီးအတွင်းမှတူးဖေါ်ရရှိသော အင်ကြင်းကျောက်များကို လိုအပ်သည်များပြုပြင်မွမ်းမံ ပြီးနောက် ပို့ကုန်အမယ် တစ်မျိုး အဖြစ် တင်ပို့လျက်ရှိသည်။ သဘာဝအလျောက်ဖြစ်ပေါ်နေသော အင်ကြင်းကျောက် များ၏ အရောင်အသွေးမှာရွှန်းစိုလှပပြီး နေအိမ်၊ ဟိုတယ် အဆောက် အဦးများ တွင် အလှဆင်ပစ္စည်းအဖြစ် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။ အင်ကြင်းကျောက်များကို class အဆင့်အတန်းအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည်။ အင်ကြင်းကျောက်များကို မူဆယ် နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချခဲ့ပြီး ယခုအခါ ပင်လယ်ရေကြောင်းမှ မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။ အင်ကြင်းကျောက်ကို ပို့ကုန်အမယ် ကုန်စည်တစ်ခုအနေဖြင့် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် (၇) တန် ကျော်ခန့်၊ တန်ဘိုး အမေရိကန်ဒေါ်လာ ၂၇၀၀၀ ကျော်ခန့် မလေးရှား နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။ ဆက်လက်တင်ပို့ရန်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု သိရှိရသည်။ ကုမ္ပဏီတစ်ခု၏ ပြောကြားချက်အရ အင်ကြင်းကျောက် အချောထည် ပြုလုပ်ရန် အတွက် မြန်မာနိုင်ငံမှ နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်နေသော ကျွမ်းကျင်သူများကိုပြန်လည်ခေါ်ယူကာ ပြည်တွင်း၌ အလုပ်အကိုင်ခန့်ထားပေး၍ လုပ်ကိုင်လျှက်ရှိကြောင်းသိရှိရသည်။ ထို့ကြောင့်ဒေသတစ်ခုထုတ်ကုန်တစ်မျိုးနှင့် ပြည့်အကျိုးအတွက် အင်ကြင်းကျောက်က တစ်ဖက်တစ်လမ်းမှ ဆင်းရဲမွဲတေ မှုလျော့ချရေးနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးကာ ကျေးလက်နေပြည်သူတို့နှင့် နိုင်ငံတော်အား တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးကြောင်း သတင်း ကောင်း ပါးအပ်ပါသည်။ ထွန်းမြင့်ထွန်း(ပို့ကုန်) |
သဘာဝပင်လယ်ပြင်မှ အများဆုံးရရှိသော ပုစွန်များမှာ ရရှိမှုနည်းပါးလာ၍ နိုင်ငံခြားဝင်ငွေ များစွာရရှိရန် အတွက် မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီဖွဲ့စည်းသွား ရန် ဆွေးနွေးနေကြောင်းကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ပြောကြားခဲ့သည်။ အများပိုင်ကုမ္ပဏီ တည်ထောင်မှုနှင့် ပတ်သက်၍ "ရေထွက်ကုန်ပစ္စည်းများအပေါ် အကောင်းဆုံးပြုပြင်ထုတ်လုပ်ရေးနှင့် နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ လုပ်ဆောင်သွားရန် အခြေခံအနေဖြင့် ကုန်ကြမ်းပစ္စည်းရဖို့ လိုအပ်ကြောင်း၊ ရေငန်၊ ရေချိုပုစွန် မွေးမြူရေး ကဏ္ဍတွေ မှာ အားထားလုပ်ကိုင်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံရှိ ပုစွန်မွေးမြူရေးကဏ္ဍတွင် လုပ်ကိုင်နေသော ဧကပေါင်း ၂၂၀၀၀၀ ကျော်ရှိနေပြီး တစ်သိန်း ကျော်မှာသမားရိုးကျ၊ မိရိုးဖလားအတိုင်းသာလုပ်ကိုင်နေကြပြီး၊ သိပ္ပံနည်းကျအတိုင်းလုပ်ကိုင်ကြသည်မှာ ဧကသောင်း ဂဏန်းကျော်ခန့်သာရှိကြောင်း သိရှိရသည်။ပြည်ပသို့ ပုစွန်များတင်ပို့ရာတွင် သဘာ၀ ပင်လယ်ပြင် မှ ဖမ်းဆီးရရှိခဲ့ပြီး လက်ရှိအချိန်တွင် သယံဇာတများမှာ ဆုတ်ယုတ်လာနေကြောင်း သိရှိရပြီး ပုစွန်မွေးမြူသော လုပ်ငန်းရှင်များမှာလည်း သိသိသာသာ လျော့နည်းလာကြောင်း သိရှိရသည်။ "အများပိုင် ကုမ္ပဏီဖွဲ့စည်းပါက အရင်းအနှီးနှင့် နည်းပညာ များလိုအပ်ကြောင်း၊ ထုတ်လုပ်မှုစရိတ်က နိုင်ငံတကာမှာ အခြားနိုင်ငံတွေထက် ယှဉ်ပြိုင်ပြီးတော့ ထုတ်လုပ်နိုင်အောင် လုပ်ရမှာဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ စက်ရုံတွေ စဉ်ဆက်မပြတ် လည်ပတ်နိုင်ဖို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားဝင်ငွေ ရရှိရန်အတွက် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ အမေရိ ကန်ဒေါ်လာသန်း ၆၆၀ ရရှိရန်လျာထားသော်လည်း ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရေထွက်ပစ္စည်း ပြည်ပတင် ပို့မှုအတွက် ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၄၇၇.၂၂၈ သန်းသာ ရရှိသေးသည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၏စာရင်းများ အရသိရသည်။
ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ပသို့ Normal Trade ရေထွက်ပစ္စည်း တင်ပို့မှု မက်ထရစ်တန်ပေါင်း ၁၂၉၄၆၅ ဒသမ ၅၂၂ သာ တင်ပို့နိုင်ခဲ့ပြီး Border Trade တင်ပို့မှုမှာ မက်ထရစ်တန်ပေါင်း ၁၃၉၈၂၈ ဒသမ ၀၂၆ တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပြီး ရေထွက်ပစ္စည်း တင်ပို့မှု မက်ထရစ်တန် စုစုပေါင်း ၂၆၉၂၉၃ ဒသမ ၅၄၈ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။
ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ ဒီနှစ်က Normal Trade ထက် Border Trade က မက်ထရစ်တန် တင်ပို့မှု ပိုများနေတာ တွေ့ရတယ်။လက်ရှိ ပြည်ပတင်ပို့မှု မှတ်တမ်းမှာ ငါးရှဉ့်က ပုံမှန်ဖြစ်ပြီး၂၀၁၃ မှာ ရေထွက်ပစ္စည်းတင်ပို့မှု ဟာ ပိုမိုတိုးတက်လာနိုင်မည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှခန့်မှန်းထားကြောင်း သိရသည်။
ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် ငါးမြစ်ချင်း၊ ငါးသလောက်၊ ပုစွန်ခြောက်၊ ငါးမုတ်၊ တိုက်ဂါးပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို အဓိကထား တင်ပို့ပြီး အခြားရေထွက် ကုန်များကိုလည်း တင်ပို့မှု ရှိကြောင်း သိရသည်။ မြန်မာ နိုင်ငံမှရေထွက်ပစ္စည်းဝယ်ယူသည့် ထိပ်တန်း ၁၀နိုင်ငံမှာ တရုတ်၊ထိုင်း၊စင်ကာပူ၊ကူဝိတ်၊မလေးရှား၊ ဆော်ဒီအာရေဗျ၊ ဂျပန်၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ယူကေ အစရှိသည့် နိုင်ငံများ ဖြစ်ကြောင်း သိရှိရပါသည်။အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းပြီး စုစည်းထားသော ရင်းနှီးမြှုပ်နှံမှု့၊ခတ်မီနည်းပညာတို့ဖြင့် ပေါင်းစပ်ပြီး ငါး၊ပုစွန်မွေးမြူထုတ်လုပ် တင်ပို့လာ နိုင်ပါက မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း တင်ပို့နိုင်မှုနှင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် များစွာအထောက် အကူပြု နိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းရေးသားတင်ပြလိုက်ပါသည်။
မြင့်မြင့်အေး (ပို့ကုန်)
အရည်အသွေးမြင့် မြန်မာ့ရာဘာတင်ပို့မှု မြန်မာနိုင်ငံသည် စိုက်ပျိုးနိုင်သည့် မြေနှင့်ရေအရင်းအမြစ်များ ကြွယ်ဝသည့်အပြင် သမမျှတသည့် ရာသီဥတု အခြေခံကောင်းများရှိသည့် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး ၊ အဓိကလယ်ယာထွက်ကုန်အမယ် တစ်မျိုး ဖြစ်သည့် ရာဘာကိုလည်း ၁၈၇၆ ခုနှစ်မှစတင်စိုက်ပျိုးကာတစ်နှစ်ထက်တစ်နှစ်ပိုမိုစိုက်ပျိုးလျက်ရှိပါသည်။ ရာဘာအား ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရာဘာတုနှင့် သဘာဝရာဘာဟူ၍ နှစ်မျိုးရှိကာ ရာဘာအရည်အသွေးအလိုက်အဆင့် (၅) ဆင့်သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံသည် ပြည်ပဝင်ငွေရရှိရေးအတွက် ရာဘာစိမ်းအား တင်ပို့ရောင်းချလျက်ရှိရာ ပင်လယ်ရေကြောင်း မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၆၆၀၀ ကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၃၀၀၀ ကျော်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ( ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ) တွင် တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်က RSS (1) , RSS (3) , RSS (5) , MSR (20) , MSR (50) နှင့် Crepe Rubber များကိုသာ တင်ပို့ လျက်ရှိရာမှ လက်ရှိဘဏ္ဍာနှစ်တွင် RSS (2) အဆင့်နှင့်ညီမျှသည့် MSR (TSR) (10) ကိုစတင်တင်ပို့လျက် ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်က MSR (TSR) 20 အဆင့်ရှိ Crepe Rubber ကိုသာ စက်ရုံများမှ ထုတ်လုပ် နိုင်ခဲ့ပြီး၊ ယခုအခါ MSR (TSR) 10 အဆင့်ရာဘာကို ထုတ်လုပ်နိုင်ကာ ပြည်ပသို့ စတင်တင်ပို့ရောင်းချ နိုင်ရန် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားပြီဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်း လျက်ရှိကြပါသည်။ ထို့အပြင် ကမ္ဘာ့ရာဘာဝယ်လိုအား အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ယမန်နှစ် ဒီဇင်ဘာလ အတွင်းကုန်ထုတ်လုပ်မှုနှုန်းတိုးတက်ခဲ့ကြောင်း အစီရင်ခံစာထွက်ရှိခဲ့ခြင်းကြောင့် ရာဘာဝယ်လိုအား မြင့်မားလာမည်ဟု ခန့်မှန်းလာကြပါသည်။ ဝယ်လိုအားမြင့်မားလာသည်နှင့်အမျှ ဈေးနှုန်းမှာလည်း မြင့်တက်လာနိုင်ခြင်းကြောင့် ရာဘာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့အရည်အသွေး အဆင့်အတန်း သတ်မှတ်ချက်နှင့်အညီ အရည်အသွေးမြင့် ရာဘာများအား ပိုမိုထုတ်လုပ်ပြီး ဈေးကွက်ပိုမိုရရှိရေး ဆောင်ရွက်သွားနိုင်ပါရန် သတင်းကောင်းပါး တင်ပြလိုက်ရပါသည်။ စန္ဒာထွန်း (ပို့ကုန်)
ပီနန်အိတ်အဟောင်းလေးကိုလွယ် လျှာထိုးဦးထုပ်အဟောင်းလေးကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ခပ်နွမ်းနွမ်း အဝတ်အစားတို့ဖြင့် သူတို့အများစုမှာဤသို့တည်း။ သူတို့ကိုအများအားဖြင့်မြန်မာပြည်ရှိ မြို့ / ရွာများ၏ လမ်းပေါ်၊ လမ်းကြားအမှိုက်ပုံများတွင်တွေ့ရတတ်သည်။သူတို့က ပလတ်စတစ်အစများနှင့် ပုလင်းအဟောင်းများကို လိုက်လံကောက်ယူ၍ အသက်မွေးဝမ်းကျောင်းပြုနေကြသူများဖြစ်သည်။ သူတို့၏ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံနှင့် သူတို့အကြောင်း တစ်စွန်းတစ်စကြားတော့ သူတို့ကို အဆိုးမြင်ဝါဒ ( သို့ ) မကောင်းမြင်စိတ်ထားနှင့် စိတ်ထဲတွင် အထင်သေးမိခဲ့သည်။
မဟာရန်ကုန်မြို့တော်ကြီးတွင် တာဝန်ထမ်းဆောင်စဉ် လိုင်းကားဖြင့်နေ့စဉ်ရုံးတက်ခဲ့ရာတွင် တစ်နေ့သ၌ ပြူတင်းပေါက်ဘေးထိုင်နေသူခရီးသည်တစ်ဦးမှာ ကွမ်းယာ ကိုတမြုံ့မြုံ့ဝါးနေရင်းက နှုတ်ခမ်းတွင် ပေကျံနေသော ကွမ်းတံတွေးများကို လျှာဖြင့်သပ်ကာ ကွမ်းတံတွေးကို ကားအပြင်သို့ ပြွတ်ကနဲထွေးထုတ်လိုက်သည်။ ကွမ်းတံတွေးများသည် ကားလမ်းမပေါ်နှင့်ကားဘေး နံရံများကို စွန်းပေညစ်ပတ်သွား မည်မှာအမှန်ပင်။ ထို့နောက် ကွမ်းယာထုတ်သည့် ပလတ်စတစ်အိတ်လေးကို အပြင်သို့လွှင့်ပစ်လိုက်ရာ ပလတ် စတစ် အိတ်လေးသည် လေထဲ ဝဲပျံကာလေနှင်ရာ လွင့်ပါသွားသည်။ များမကြာမီ အစ်မကြီးတစ်ဦးက စားကြွင်းစားကျန် ပလတ်စတစ် ထုပ်အား ပြူတင်းပေါက်မှ အပြင်သို့ လွှင့်ပစ်လိုက် ပြန်၏။ အမှိုက်ထုပ်လေးသည် လမ်းဘေးတွင်အမှိုက်လှည်း နေသော စည်ပင်သာယာ ဝန်ထမ်းအဒေါ်ကြီးနံဘေးသို့ ဘုတ်ကနဲကျသွားသည်။ အဒေါ်ကြီး၏မျက်လုံးအစုံသည် သိန်းငှက် တို့၏ မျက်လုံးအစုံအလား စွေ့ကနဲတစ်ချက် ကြည့်လိုက်ပြီး ခပ်ပြင်းပြင်း မျက်စောင်းတစ်ချက်ကို ကားပေါ်သို့ ပစ်တင်လိုက်သည်။ နှုတ်မှပွစိပွစိ နဲ့ မကျေနပ်သော အမူအရာက မျက် နှာပေါ်တွင် ပေါ်လွင်နေသည်။ သူမ ဘာပြော နေမည်ကို မကြားရပေမယ့် သိနေသည်။ “စည်းကမ်းမရှိ ပေါက်လွှတ် ပဲစားတွေ” စသဖြင့် ဆုတောင်းမေတ္တာ ပို့သနေမည် သာဖြစ်ပေမည်။ ထို့နောက်အဒေါ်ကြီးသည် အမှိုက်ထုပ်ကလေးကို တာဝန်ဝတ္တရား ကျေပွန်စွာဖြင့် ကောက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်ပါတော့သည်။
ထိုထိုဤဤ မြင်ကွင်းများကြောင့် အတိတ်၏အရိပ်မျက်ဝန်းထဲတွင် ပလတ်စတစ်ကောက်နေသော သူတို့၏ ပုံရိပ်လေးတွေ ပေါ်လာပြီး ယနေ့ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက် လာသော ပလတ်စတစ်၏အန္တရာယ်များကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိတရားဖြင့် သမာအာဇီဝကျစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသူများ ပါတကားဟု အကောင်းမြင် ဝါဒဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ သူရဲကောင်းကလေးများဟု ရင်ထဲက မှတ်တမ်း တင် ဂုဏ်ပြု ချီးမွမ်းထောပနာပြုနေမိသည်။
ပလတ်စတစ်တို့၏ဆိုးကျိုးများကပြောမဆုံးပေါင်၊တောသုံးတောင်ဆိုသလို ပလတ်စတစ်နှင့် ပြုလုပ်ထား သော ပစ္စည်းများသည် ဆွေးမြေ့ရန်နှစ်ပေါင်းအနည်းဆုံး (၃၀)ခန့် ကြာမြင့်တတ်သည်ဟုသိရှိရပြီး ပလတ်စတစ်တွင် ပါသော ဓါတုပစ္စည်းတို့က အပူနှင့်ထိတွေ့သောအခါ ဓာတုအဆိပ်အဖြစ်ပျော်ဝင်ပြီး လူကို ရောဂါဖြစ်စေသလို မီးရှို့ဖျက်ဆီးပါကလည်း ထွက်ရှိလာသောအခိုးအငွေ့တို့က လေထုညစ်ညမ်းမှုဖြစ်စေကာ လူကိုဒုက္ခပေးတတ်သည်။ စည်းကမ်းမဲ့စွန့်ပစ်သောပလတ်စတစ်ပစ္စည်းတို့က ပတ်ဝန်းကျင်ညစ်ညမ်း မှုကိုဖြစ်စေ ကာ ရေစီးမြောင်းများပိတ်၍ မြို့များပေါ်တွင် ရေလျှံခြင်း၊ သစ်ပင်ပန်းပင်များစိုက်ပျိုးရာတွင် ရှင်သန်ပေါက်ရောက်မှုအားနည်းခြင်းတို့ကို ဖြစ်ပေါ် စေသည်။ ပလတ်စတစ် ဆိုးကျိုး များနှင့်ပတ်သက်၍ နောက်ဆုံးသိရှိရသည့်သတင်းတခုမှာ မြန်မာ့ရိုးရာ အကြော်မုန့် များပြုလုပ်ရာတွင် ဆီကိုအကြော်ခံစေရန်နှင့် ကြော်ပြီးသားအကြော်များ တာရှည် အထား ခံစေရန်၊အကြော်၏ အရည် အသွေးတစ်ခုဖြစ်သည့် ကြွရွမှုပိုမိုကောင်းမွန်စေရန် ပလတ်စတစ် တွေကို ဆီထဲထည့် ကြော်ပြီး အသုံးပြုကြောင်း သိရှိရသည်။ ပလတ်စတစ်နှင့်ပတ်သက်၍ လူထုပညာပေးမှုကို ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့် သွင်း ပညာပေးမှုများပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ ပလတ်စတစ် စွန့်ပစ္စည်းများလျှော့ချကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုရန် ပလတ်စတစ် အသုံးပြုခြင်းနှင့်သက်ဆိုင်သော လူတိုင်းလိုက်နာဆောင်ရွက်ရန် နည်းလမ် ( ၅ ) မျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) Reduce ( အသုံးပြုမှုလျော့ချခြင်း )
(၂) Reuse ( အမှိုက်အဖြစ်စွန့်ပစ်ခြင်းမရှိဘဲပြန်လည်အသုံးပြုခြင်း )
(၃) Recycle ( ကုန်ကြမ်းအဖြစ်အသုံးပြုပြီး အသစ်ပြန်လည်ထုတ်လုပ်ခြင်း )
(၄) Reject ( အသုံးပြုရန် မလိုအပ်ပါက သုံးစွဲဖို့ငြင်းပယ်ခြင်း )
(၅) Return ( သုံးပြီးအိတ်ခွံများအား စုစည်းထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာသို့ ပြန်ပို့ရန် )
ပလတ်စတစ်ပစ္စည်းတို့မှာ အရောင်အသွေးအရွယ်အစားစုံလင်၍ ပေါ့ပါးခိုင်ခန့်ပြီး သယ်ယူသိမ်းဆည်းရ လွယ်ကူသောကြောင့် လွတ်လပ်ပေါ့ပါးမှုကိုခုံမင်မြတ်နိုးတတ်သော လူတို့၏သည်းခြေကြိုက် ပစ္စည်းတစ်မျိုး ဖြစ်နေ လေသည်။ ပလတ်စတစ်နှင့်ပြုလုပ်သောပစ္စည်းတို့မှာ ပလတ်စတစ်ကြိုးမှစ၍ စက်မှုကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးအထိ တွင်ကျယ်စွာထုတ်လုပ်သုံးစွဲနေကြပြီဖြစ်သည်။ မသုံးလည်းခက်၊ သုံးလည်းခက်တဲ့ ပလတ်စတစ် ပစ္စည်းတို့ကို မသိသူကျော်သွား၊ သိသူဖော်စားဆိုသလို နည်းပညာ ကြွယ် ဝသောနိုင်ငံတို့က Recycle ပြန်လည် ပြုလုပ်ပြီး တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ အသုံးပြုပြီးစွန့်ပစ် ပလတ်စတစ် ပစ္စည်းများကို နိုင်ငံတကာသို့ ပို့ကုန်အမယ်တစ်မျိုးအဖြစ် တင်ပို့ရောင်းချနေသည်။ ပလတ်စတစ်ပစ္စည်းတင်ပို့မှုနှင့် ပတ်သက်၍ ၂၀၁၀-၂၀၁၁ ခုနှစ် တွင် ခန့်မှန်းတန်ဘိုး အမေရိကန်ဒေါ်လာ ၃၃၀၀၀၀ ခန့်၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ခန့်မှန်းတန်ဘိုး မေရိကန်ဒေါ်လာ ၇၈၀၀၀၀ ခန့်ကို တရုတ်၊ စင်္ကာပူ၊ သြစတြေးလျ၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်းနှင့် အာရပ်စော်ဘွားများ နိုင်ငံများ သို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရပေသည်။
ယနေ့နိုင်ငံတော်အစိုးရသစ်သည် ပြည်သူကို ဗဟိုပြု၍ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည် ချီတက် နေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင်သာ သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း၊ ငြိမ်းချမ်းမှုနှင့်အတူ ကမ္ဘာ လှည့်ခရီးသည်တို့က ဝင်လာမစဲ တသဲသဲနှင့်ရှိနေပြီး မကြာမီ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအား အိမ်ရှင်နိုင်ငံအနေဖြင့် အဆင့်အတန်းမှီစွာ ကျင်းပပြုလုပ်တော့မည်ဖြစ်သည်။ ကမ္ဘာ့အလယ်တွင် မြန်မာဟေ့ဆိုပြီး ကြွေးကြော်ဝင့်ကြွားနိုင်အောင် နိုင်ငံတော်အစိုးရသည် ဘက်စုံထောင့်စုံမှ အတွေးသစ်အမြင်သစ်များဖြင့် လုပ်ဆောင် အကောင် အထည်ဖော်ဆောင်နေပြီဖြစ်သည်။ ဤတွင်မသုံးတတ်လျှင်ဘေး၊ သုံးတတ်လျှင်ဆေးဆိုသကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေမှုကို ခြိမ်းခြောက်လာသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြည်သူများ ၊ ဝန်ထမ်းများအားလုံးကပါ ကိုယ်စီတာဝန်ဖြင့် အသိတရားလက်ကိုင်ထားကာ လိုက်နာဆောင်ရွက်သွားကြရန် လိုပေသည်။ သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာသော ပလတ်စတစ်အန္တရာယ်ကို ပြည်သူများအား အသိ ပညာပေးသလို လက်လုပ်လက်စား တစ်ဝမ်းတစ်ခါးနှင့် ဘဝကို ရပ်တည် လှုပ်ရှားရုန်း ကန်နေကြရရှာသော ပလတ်စတစ်ကောက် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသူရဲကောင်းများ အား လိုအပ်သည်များကို အားပေးကူ ညီဆောင်ရွက်ပေးခြင်းဖြင့် ပတ်ဝန်းကျင်သည်လည်း သစ်လွင် စိမ်းစိုလှပကာ ၊ ပလတ်စတစ်ပို့ကုန်လုပ်ငန်းလည်းတိုးတက်လာပြီး၊ နိုင်ငံတော်နှင့် အလုပ်လက်မဲ့ပြည်သူများအတွက် ဝင်ငွေတိုးတက် လာစေသည့် ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
(ထွန်းမြင့်ထွန်း)
ပို့ကုန်
ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်နေချိန်တွင် လက်ခစားစနစ်သည်လည်း တစ်ခုအပါအဝင် အကျိုးပြုလျက်ရှိပါ တယ်။လက်ခစားCMPလုပ်ငန်းဆိုသည်နှင့်ယခင်ကCutting Making Packing(CMP)ဟုခေါ်တွင်ခဲ့သောအထည်ချုပ် လုပ်ငန်းများကိုသာ ပြေးမြင်ကြမည်ဖြစ်ပေသည်။ လက်ခစားလုပ်ငန်းများအနေဖြင့် လုပ်ငန်းအပ်နှံသူမှ လိုချင်သည့် ပုံစံ၊ဒီဇိုင်း အရည်အသွေးများအတိုင်း ၎င်းထံမှ ပေးပို့သော ကုန်ကြမ်းပစ္စည်းများ အသုံးပြု၍ အချောထည်ပြန်လည် ထုတ်လုပ်တင်ပို့ခြင်းဖြစ်ရာ ပစ္စည်းအတွက် ထုတ်လုပ်မှုစရိတ်လက်ခကိုသာ ရရှိခြင်းဖြစ်၍ လက်ခစားစနစ်ဟု ခေါ်ဆို ခြင်းဖြစ်ပါသည်။လက်ခစားစနစ်၏အဓိပ္ပါယ်မှာ Contract Manufacturing Processing ဖြစ်ပြီး အထည်ချုပ်လုပ်ခြင်း အပြင် ဖိနပ်များ၊ ဦးထုပ်များ၊ မှန်ဘီလူးများ၊ ပီပီအိတ်များ စသည်ဖြင့် လွတ်လပ်စွာကုန်သွယ်ခွင့်ပြုထားသော မည်သည့်ပစ္စည်းကိုမဆို ကုန်ကြမ်းပေးကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းလေ့လာ သိရှိရပါသည်။
ဒီလုပ်ငန်းကို ယနေ့ထိ တွင်တွင်ကျယ်ကျယ် တိုးချဲ့လုပ်ကိုင်နေကြောင်းတွေ့ရှိရပါတယ်။ယခုအခါ စီးပွားရေး အခွင့်အလမ်းပွင့်လန်းလာ၍ ပိုမိုလုပ်ငန်းတွင်ကျယ် လာကြောင်း တွေ့ရှိရပါတယ်။ နိုင်ငံတော်အနေဖြင့်လည်း ဖွံ့ဖြိုး တိုးတက်စေရန် နိုင်ငံခြားတိုင်းပြည်တစ်ခုဖြစ်သော Japan နိုင်ငံမှ ပင်လယ်ရပ်ခြားနည်းပညာပေးရေး အသင်း (The Association for Overseas Technical Scholarship AOTS Japan)နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း(Myanmar Garment Association MGMA)တို့ ပူးပေါင်းပြီး မြန်မာအထည်ချုပ်လုပ်ငန်းများအတွက် စာတွေ့ လက်တွေ့ သင်တန်းပို့ချပြီးစွမ်းဆောင်ရည်များ နိုင်ငံတကာအဆင့်မီစေရန် အခါအခွင့်သင့်တိုင်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။
ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတွင် ပိုမိုတိုးတက်တင်ပို့နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ နှစ်စဉ်CMP စနစ် အနေဖြင့်နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍအတွက် တိုက်ရိုက်ပြည့်ဝစွာ အကျိုးပြုနိုင်သော်လည်း လူတစ်ဦးချင်းစီ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားစေပြီး မိသားစုဝင်ငွေရရှိနိုင်သဖြင့် နိုင်ငံတော်၏ GDP တိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းမှ ထိရောက်စွာအကျိုးပြုနေသည့်အပြင် နိုင်ငံတကာဆက်ဆံမှုများ တိုးတက်ကောင်းမွန်လာ သဖြင့် CMP လုပ်ငန်းများအနေဖြင့်လည်း ဆထက်ထမ်းပိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ် ပါသည်။
ထားထားရီ(ပို့ကုန်)
ဦးစီးအရာရှိ