အင်ကြင်းကျောက်များ ပင်လယ်ရေကြောင်းမှ တင်ပို့လာ

Thu, 05/09/2013 - 04:54 -- admin
                                                                 အင်ကြင်းကျောက်များ ပင်လယ်ရေကြောင်းမှ တင်ပို့လာ

အင်ကြင်းကျောက် Wood Fossil ( Ingjin Stone ) ဆိုသည်မှာ သစ်ပင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းမှ ဖြစ်ပေါ်လာသော ကျောက်အမျိုုးအစားဖြစ်သည်။ အင်ကြင်းကျောက်များကို မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ၊ ပခုက္ကူ၊ နတ်မောက်နှင့် နွားထိုးကြီးမြို့နယ်များတွင် ထွက်ရှိပြီး နွားထိုးကြီးမှထွက်သောအင်ကြင်းကျောက်မှာ အကောင်းဆုံး ဖြစ်ကြောင်းသိရှိရသည်။ မြေကြီးအတွင်းမှတူးဖေါ်ရရှိသော အင်ကြင်းကျောက်များကို လိုအပ်သည်များပြုပြင်မွမ်းမံ ပြီးနောက် ပို့ကုန်အမယ် တစ်မျိုး အဖြစ် တင်ပို့လျက်ရှိသည်။ သဘာဝအလျောက်ဖြစ်ပေါ်နေသော အင်ကြင်းကျောက် များ၏ အရောင်အသွေးမှာရွှန်းစိုလှပပြီး နေအိမ်၊ ဟိုတယ် အဆောက် အဦးများ တွင် အလှဆင်ပစ္စည်းအဖြစ် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။ အင်ကြင်းကျောက်များကို class အဆင့်အတန်းအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည်။ အင်ကြင်းကျောက်များကို မူဆယ် နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချခဲ့ပြီး ယခုအခါ ပင်လယ်ရေကြောင်းမှ မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။ အင်ကြင်းကျောက်ကို ပို့ကုန်အမယ် ကုန်စည်တစ်ခုအနေဖြင့် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် (၇) တန် ကျော်ခန့်၊ တန်ဘိုး အမေရိကန်ဒေါ်လာ ၂၇၀၀၀ ကျော်ခန့် မလေးရှား နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ကို တွေ့ရှိရသည်။ ဆက်လက်တင်ပို့ရန်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု သိရှိရသည်။ ကုမ္ပဏီတစ်ခု၏ ပြောကြားချက်အရ အင်ကြင်းကျောက် အချောထည် ပြုလုပ်ရန် အတွက် မြန်မာနိုင်ငံမှ နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်လုပ်ကိုင်နေသော ကျွမ်းကျင်သူများကိုပြန်လည်ခေါ်ယူကာ ပြည်တွင်း၌ အလုပ်အကိုင်ခန့်ထားပေး၍ လုပ်ကိုင်လျှက်ရှိကြောင်းသိရှိရသည်။ ထို့ကြောင့်ဒေသတစ်ခုထုတ်ကုန်တစ်မျိုးနှင့် ပြည့်အကျိုးအတွက် အင်ကြင်းကျောက်က တစ်ဖက်တစ်လမ်းမှ ဆင်းရဲမွဲတေ မှုလျော့ချရေးနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးကာ ကျေးလက်နေပြည်သူတို့နှင့် နိုင်ငံတော်အား တဖက်တလမ်းမှ ဝင်ငွေရှာဖွေပေးကြောင်း သတင်း ကောင်း ပါးအပ်ပါသည်။

                                                                                                                                    ထွန်းမြင့်ထွန်း(ပို့ကုန်)