ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့ထိ Kempinski Hotel၊ နေပြည်တော်၌ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းအစည်းအဝေး ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် အပြောင်းအလဲများ၊ မူဝါဒများ၊ ရှေ့ဆက် ဆောင်ရွက်သွားရမည့် အစီအစဉ်များသိရှိရန်နှင့် လိုအပ်သည်များကို အသိပညာ ဖြန့်ဝေပေးနိုင်ရေး  အတွက်ဖြစ်ပါသည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ TPR လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်သောကြောင့် ကုန်သွယ်မှုမူဝါဒဆန်စစ်ခြင်း လုပ်ငန်းစဉ်ကို (၆)နှစ် လျှင် (၁)ကြိမ် ဆောင်ရွက်သွားရမည့်တာဝန်ရှိရာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်သွား ရမည့် အလားအလာရှိပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းဆောင်ရွက်ရာတွင် လိုအပ်မည့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်ရန်နှင့် လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့နှင့် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းဆိုင်ရာ အတွေ့ အကြုံကောင်းများ ဖလှယ်နိုင်ရန်ဖြစ်ပါသည်။

 အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးအောင်ထူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ WTO ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအဝင် ကုန်သွယ်မှုလုပ်ငန်းစဉ်ကျွမ်းကျင်သူ (၃) ဦးနှင့် စုစုပေါင်း(၄)ဦး၊ လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့မှ ကိုယ်စားလှယ် (၁၆)ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၂၀) ဦးနှင့်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းရှင်အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအရာထမ်း (၅၀) ဦး၊ စုစုပေါင်း(၇၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။