အီလက်ထရွန်နစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ မဟာဗျူဟာ ပထမအကြိမ် မူကြမ်းပါ အချက်များအပေါ် အုပ်စုအလိုက် ဆွေးနွေး

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်မှ စက်တင်ဘာလ (၄)ရက်နေ့အထိ Zoom Application ကိုအသုံးပြု၍ အီလက်ထရွန်နစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ       (E-commerce) မဟာဗျူဟာ ပထမအကြိမ် မူကြမ်းပါ အချက်များအပေါ် အုပ်စုအလိုက် ဆွေးနွေးခြင်းကို ပြုလုပ် ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ UNCTAD မှ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များက ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များက E-Commerce မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အဖွဲ့အစည်းဆိုင်ရာ မူဘောင် ၊   E-commerce ပလက်ဖောင်းများ၊ နည်းပညာအခြေခံ အဆောက်အအုံနှင့် ဝန်ဆောင်မှုကဏ္ဍ၊     ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး၊        ငွေပေးချေခြင်းနှင့် ငွေကြေးဝန်ဆောင်မှုဝန်းကျင်၊ ဥပဒေနှင့် စည်းမျဉ်း သတ်မှတ်ချက်မူဘောင်၊ E-commerce ဆိုင်ရာ ကျွမ်းကျင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းစတင်ရန် ငွေကြေးနှင့် အထောက်အပံ့ရရှိနိုင်ရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်များနှင့် အခြားနိုင်ငံတကာ ကတိကဝတ်များ စသည့် မဟာဗျူဟာမူကြမ်းပါ အချက်များအပေါ် အသေးစိတ်ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးမှုများမှ ရရှိလာသည့် ပန်းတိုင်များ၊ လုပ်ငန်းစဉ်များနှင့် ဦးစားပေးအဆင့်များ အပေါ် အကြံပြုချက်များ၊ ဆွေးနွေးချက်များနှင့် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များက စာဖြင့် ပေးပို့လာသည့် သဘောထားမှတ်ချက်များကို စုစည်း၍ မဟာဗျုဟာ မူကြမ်းအပေါ်  ဖြည့်စွက်ပြင်ဆင်မှုများကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပြုလုပ်သွားရန် ရှိပါသည်။

ထို့နောက် E-Commerce မဟာဗျူဟာ အကောင်အထည်ဖော်ရေးအတွက် လိုအပ်သော နည်းပညာနှင့် ငွေကြေးအထောက်အပံ့များကို ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ ရှာဖွေဆောင်ရွက်သွားမည် ဖြစ်ပါသည်။

COVID-19 Economic Relief Plan (CERP)  နှင့် Myanmar Sustainable Development Plan(MSDP) ပါ ရည်မှန်းချက်ပန်းတိုင်များနှင့် ကိုက်ညီမှု ရှိစေရန် လိုအပ်သည့်အတွက် ခိုင်မာသည့် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းဆိုင်ရာ မူဘောင်တစ်ခု ပေါ်ထွက်လာရေး အစိုးရ-ပုဂ္ဂလိက အုပ်စုလိုက်ဆွေးနွေးမှုများကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလတွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် ဆွေးနွေးခဲ့ပါသည်။

အဆိုပါ E-Commerce မဟာဗျူဟာကို EIF Tier-2 အဆင့်အဖြစ် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း (Myanmar Services Trade Enhancement Project – MSTEP) အစီအစဉ်ဖြင့် ရေးဆွဲနေခြင်းဖြစ်ပြီး စီမံကိန်း၏ သတ်မှတ် Milestone အရ မဟာဗျူဟာကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ရေးဆွဲသွားရမည် ဖြစ်ပါသည်။

ကဏ္ဍအလိုက် ဆွေးနွေးမှုများကို သြဂုတ်လ (၃၁) ရက်နေ့မှစတင်၍ စက်တင်ဘာလ (၄)ရက်နေ့အထိ ငါးရက် ကြာ ကျင်းပပြုလုပ်ခဲ့ပြီး နေ့အလိုက် ဆွေးနွေးပွဲများသို့ စုစုပေါင်း လူဦးရေ (၆၀၀) ကျော် တက်ရောက်ခဲ့ပါသည်။