EIF အစီအစဉ်ဆိုင်ရာ မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်းကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်

မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းကြီးကြပ်လမ်းညွှန်မှု ဆိုင်ရာကော်မတီအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များဖြစ်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ(၁)၌ Virtual Meeting ကျင်းပပြုလုပ်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံမှ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးသော အကူအညီ ပေးရေးဆိုင်ရာ Enhanced Integrated Framework (EIF) အစီအစဉ်ကို တာဝန်ခံဝန်ကြီးဌာန အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ Project Steering Committee အား Enhanced Integrated Framework (EIF) ၏ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒဆိုင်ရာများနှင့်ပတ်သက်၍ လမ်းညွှန်ကြီးကြပ်အကြံပေးဖော်ဆောင်သွားရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကော်မတီ၏ လုပ်ငန်းတာဝန်များအရ စီမံကိန်းတိုးတက်မှုရလဒ်များ၊ အစီရင်ခံစာများအား စိစစ်အကဲဖြတ်၍ အကြံပြုချက်များပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီအစည်းအဝေးအား ကျင်းပရ ခြင်းဖြစ်ပါသည်။

          အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက တက်ရောက်အမှာစကားပြောကြားပြီး စီမံကိန်းအကောင်အထည်ဖော်နေသူများက ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရန်အတွက် လိုအပ်သောစွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာလိုအပ်ချက်များကို လေ့လာထားသည့် အစီရင်ခံစာနှင့် ၎င်းကဏ္ဍအတွက် လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာအစီအစဉ်များကိုအတည်ပြုခြင်း၊ စီမံကိန်းဆက်လက်ဆောင်ရွက် မည့် (၆)လစာ အစီအစဉ်များအတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြပါသည်။ တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ်တွင်   အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံအပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဖွံ့ဖြိုးမှုရေးအတွက် အထောက်အကူပြုအစီအစဉ် (Aid for Trade) ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွင်းပေါင်းစည်းပါဝင်ခြင်း တိုးချဲ့ဆောင်ရွက်မှုမူဘောင် (Enhanced Integrated Framework) ကို ပါဝင်ဆောင်ရွက်လာခဲ့ရာ ယခုတွင် ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ဒုတိယအဆင့်တွင် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း (Myanmar Services Trade Enhancement Project) ကို အကောင်အထည်ဖော်လျက် ရှိပြီဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ component များ၏ တစ်နှစ်တာ အကောင်အထည်ဖော်မှုအစီရင်ခံစာ၊ ကမ္ဘာ့ဘဏ်၏ သုံးသပ်မှု အစီရင်ခံစာနှင့် e-commerce strategy အကောင်အထည်ဖော်မှုအစီရင်ခံစာတွေကို တင်ပြ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နောင်(၆)လ၌ ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာအချက်များကို ဆွေးနွေးဆုံးဖြတ်ကြပြီး မိမိတို့၏ ဗဟုသုတအတွေ့အကြုံများအား အခြေခံကာ ရလဒ်ကောင်း ထွက်ပေါ်လာရေး ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ဆောင်မှုကဏ္ဍသည် ကုန်သွယ်မှုကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ ထောက်ပံ့ပို့ဆောင်ရေး (logistics) ကဏ္ဍ၊ ဖြန့်ဝေ ရေး (distribution)ကဏ္ဍ၊ စာတိုက်ဝန်ဆောင်မှု (postal services)နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုမှ တဆင့် ကုန်ပစ္စည်းများကို စားသုံးသူများထံ ရောက်ရှိနိုင်ရေး ထိရောက်မြန်ဆန်မှုရှိသော ဝန်ဆောင်မှုကဏ္ဍကို အသုံးပြုနေကြရပြီဖြစ်သဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည်“ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုကုန်သွယ်ရေးကိုမြှင့်တင်ခြင်း” “Enhancing Service Trade for Digital Economy” ကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းအား မြန်မာနိုင်ငံအစိုးရ အနေဖြင့် လက်ခံကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် မဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရာတွင် ပံ့ပိုးနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) (2018-2030) ကို အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Digital Economy Development Committee (DEDC) က ချမှတ်ထားသော Digital Economy Roadmap နှင့် COVID-19 Economic Recovery Plan (CERP) အရ ဆောင်ရွက်သော လုပ်ငန်းစဉ်များအတွက် လည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

Enhanced Integrated Framework အစီအစဉ်ဆိုင်ရာ မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ် ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီအစည်းအဝေးသို့ ဦးစီးဌာန ပေါင်း (၆)ခုမှ (၄၉) ဦး၊   ပုဂ္ဂလိကအဖွဲ့အစည်းမှ (၅)ဦး၊     ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းမှ  (၃)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား စီမံကိန်းနှင့် သက်ဆိုင်သည့် Project Documents များဖြန့်ဝေခြင်း၊ စီမံကိန်းဆောင်ရွက်မှုအနေအထားနှင့် ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား တင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ Enhanced Integrated Framework (EIF) အစီအစဉ်၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြောင်းအရာများအား အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ WTO နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့ အစည်းများဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၃၁၆၊ ဖက်စ်-၀၆၇-၄၀၈၃၁၁၊ aidfortradecoordinationunit@ gmail.com တို့သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်သွားနိုင်ပါကြောင်းသိရှိရပါသည်။

WTO ဌာနခွဲ