မြန်မာနိုင်ငံ၏ ပထမဆုံး E-Commerce Virtual Conference ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဦးဆောင်ကျင်းပ

 

မြန်မာနိုင်ငံ၏ ပထမဆုံး E-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌  Virtual Conference Main Host အနေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ E-Commerce Virtual Conference ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ဥက္ကဌ၊ဉီးဇော်မင်းဝင်းနှင့်  ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက  E-Commerce လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆက်လက်ပြောကြားခဲ့ ပါသည်။

ကွန်ဖရင့်တွင် COVID- 19 စီးပွားရေးကုစားမှုအစီအစဉ် CERP ၏ ပန်းတိုင် ၅ အောက်ရှိ E-commerce ဆိုင်ရာဆောင်ရွက်ရန်စီမံချက်များနှင့်ဆက်စပ်၍ အစိုးရဌာန/ အဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက ရင်ဆိုင်နေရသည့်စိန်ခေါ်မှုနှင့် အကြံပြုချက်များအား Panel Session လေးခုဖြင့် ဆွေးနွေးခဲ့ကြသည်။

 Panel များတွင် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့် E-commerce နယ်ပယ်နှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ စုစုပေါင်း (၂၈) ဦး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် UNCTAD နှင့် ပူးပေါင်း၍၂၀၁၇ ခုနှစ်တွင် အီလက်ထရွန်နစ်အသုံးပြုလုပ်ငန်းများ၏ အဆင့်သင့်ဖြစ်မှုအခြေအနေကို ဆန်းစစ်ချက်ပြုလုပ်ခဲ့ကြောင်းနှင့် ဆန်းစစ်ချက်ပါ တွေ့ရှိချက်များအရ EIF Tier 2 အဆင့် မြန်မာနိုင်ငံ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်းအောက်မှ E-Commerce Strategy ကို UNCTAD အဖွဲ့အစည်း နှင့် ပူးပေါင်းရေးဆွဲလျက်ရှိသည်။

၊ သြစတြေးလျနိုင်ငံ၊ DFAT ၏ နည်းပညာ အထောက်အပံ့ဖြင့် Digital Trade Policy Framework နှင့် COVID ကာလအတွင်း Offline မှ Online သို့ ကူးပြောင်းမည့် လုပ်ငန်းငယ်များအတွက် အထောက်အကူပြု Good Practice Guide များကို ထုတ်ဝေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ EU Myanmar ARISE Plus စီမံကိန်းအောက်မှ SME လုပ်ငန်းများ ဒီဂျစ်တယ်ကုန်သွယ်မှု အသွင်ကူးပြောင်း၍ ကမ္ဘာ့ဈေးကွက်ထိုးဖောက်နိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် CERP ပါ စီမံချက်များအား အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ဝန်ကြီးဌာနသည် E-Commerce Guideline ကို ရေးဆွဲလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်မကုန်မီထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းတွင် ဈေးရောင်းချသူများအတွက် မိမိသဘောဆန္ဒအလျောက်မှတ်ပုံတင်သည့်စနစ် (Voluntary Registration System) အား ဆောင်ရွက်မည်ဖြစ်ကြောင်း ကွန့်ဖရင့်တွင် ဆွေးနွေးချက်များအရ သိရှိရပါသည်။

အဆိုပါ E-Commerce Virtual Conference သို့ အစိုးရဌာန/အဖွဲ့အစည်းများ၊ ကော်မတီ များ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသော ပြည်တွင်းပြည်ပမှ စာရင်းပေး တက်ရောက်ခဲ့သူများ စုစုပေါင်း (၄၅၀) ဦးရှိကြောင်းနှင့် နံနက် ၁၀:၀၀ ချိန်မှ ညနေ (၁၇:၀၀) နာရီအချိန်ထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာနှင်း)