စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး
အကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍအထူးပြု အလုပ်ရုံဆွေးနွေးပွဲ (Awareness Workshop) ကို မန္တလေးမြို့၌ ကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော EIF လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ EIF လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍအထူးပြု အလုပ်ရုံ ဆွေးနွေးပွဲ (Awareness Workshop) ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် (၉) နာရီတွင် Mandalay Hill Resort Hotel ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ နှင့် EIF လုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) ဥက္ကဌကိုယ်စားတွဲဖက်အတွင်းရေးမှူးဖြစ်သူ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကုန်သွယ်မှုဖွဲ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သည့် EIF လုပ်ငန်းစဉ်သည် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အပြင် အဆိုပါလုပ်ငန်းစီမံချက်ကို ဆောင်ရွက်ရန်အတွက်လိုအပ်သည့် ငွေကြေးနှင့် နည်းပညာအကူအညီများကိုပါ တစ်ပါတည်း ဖြည့်စွက်ပံ့ပိုး ကူညီပေးမည့်လုပ်ငန်းစဉ်များကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ EIF လုပ်ငန်းစဉ်တွင် EU မှ Donor Facilitator အဖြစ်ဆောင်ရွက်ထားပါကြောင်း၊ ထို့အပြင် အစိုးရ၏ မူဝါဒဆိုင်ရာများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အဆင့် လမ်းညွှန်ကြီးကြပ်မှုကော်မတီ (National Steering Committee-NSC) ကိုတစ်ပါတည်းဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍသည် လွန်စွာအရေးပါသည့် အလျောက်အဆိုပါကော်မတီတွင် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ်ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိက ကဏ္ဍအထူးပြု အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍမှ လိုအပ်ချက်များနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ EIF လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အကူအညီဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရာ၌ Public Private Partnership ပုံစံဖြင့် ပူးပေါင်းဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း၊ Stakeholders များအားလုံး၏ ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်မှုအထူးလိုအပ်ပါကြောင်း၊ အတူတကွ ပူးပေါင်းလက်တွဲကာ အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင် မည် ဟုယုံကြည်ပါကြောင်းတို့ဖြင့် အသီးသီးထည့်သွင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (MRCCI) မှ ဗဟိုအလုပ်မှုဆောင်အဆင့် ကိုယ်စားလှယ်များ၊ အခြားသောပုဂ္ဂလိက အသင်း အဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီးမှပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုန်သွယ်မှုနှင့် ဆက်စပ် နေသော အစိုးရဌာန အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၅) ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။

ထို့အပြင် အခမ်းအနားသို့ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သော မြန်မာနိုင်ငံ၏ EIF လုပ်ငန်းစဉ်တွင် Donor Facilitator အဖြစ် တာဝန်ယူလျက်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့(EU)၊ Main Implementing Entity (MIE) အဖြစ် အဓိကအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကမ္ဘာ့ဘဏ် (World Bank) တို့မှ ကျွမ်းကျင် ပညာရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။